မောင်တောမြို့နယ်မှ ရေဘေးကြောင့်ပျက်စီးသွားသည့် ရွာချင်းဆက်တံတားအများစု ပြုပြင်ပြီးစီး

By Development Media Group (DMG)/ August 23

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား(၇)စင်းထဲမှ (၆)စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လနောက်ဆုံးအပတ်က ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေစီးဆင်းမှု ပြင်းထန်သည့်အတွက် ဇူလိုင်လ ၂၇ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှ ရွာချင်းဆက်တံတား ၇ စင်းမှာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

“မောင်တောမြို့နယ်မှာ ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ တံတား (၇)စင်းရှိတယ်။ အဲဒီထဲက ၆ စင်းကို ကျနော်တို့ဆောက်ပြီးပါပြီ။ နောက်တစ်စင်းက ဘာဖြစ်လို့မပြီးသေးတာလဲဆိုတော့ ပစ္စည်းတွေကမရောက်သေးတဲ့အတွက် မပြီးနိုင်သေးဘူး။ ဒီလကုန်လောက်ရင်တော့ ပြီးနိုင်အောင်ကြိုးစားနေပါတယ်”ဟု ပြည်နယ်ကောင်စီ ပြန်ကြာရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် ရေစီးဖြင့် မျောပါပျက်စီးသွားခဲ့သည့် ရွာချင်းဆက်တံတားများမှာ ဝက်ကျိန်းတံတား၊ ပဒကားဒေဝါနာလီတံတား၊ တမန်းသားတံတား၊ လက်ယာချောင်းတံတား၊ အာဇံဘော်တံတား၊ ဘောက်ရွာတံတား၊ မာဇီးတံတားတို့ဖြစ်သည်။

ယင်းတံတားများထဲမှ တံတား ၆ စင်းမှာ ပြန်လည်ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကာ ပေ ၂၀၀ ကျော်ရှည်လျားသည့် လက်ယာချောင်းတံတားမှာ ၄၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သစ်တုန်းနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေက ပြောသည်။

“တံတားတွေကတော့ အကုန်လုံးနီးပါးပြီးပါပြီ။ ကျနော်တို့ရွာနားက လယ်ယာချောင်းတံတားကတော့ မပြီးသေးဘူး။ သူတို့ကတော့ လုပ်နေကြပါတယ်။ အခုကတော့ ၄၅ ရာခိုင်နှုန်းလောက်ပဲပြီးသေးတယ်”ဟု ဆိုသည်။

အဆိုပါ လက်ယာချောင်းတံတားကို သြဂုတ်လကုန်တွင် အပြီးဆောက်သွားမည့်ဖြစ်ကြောင်း လမ်းတံတားအထူး အဖွဲ့(၇)မှ အင်ဂျင်နီယာ ဦးစံရွှေကပြောသည်။

“လယ်ယာချောင်းတံတားကိုတော့ ဒီလကုန်ရင် ကျနော်တို့အပြီးဆောက်မယ့်လို့မှန်းထားတယ်။ ပြီးအောင်လည်း ကျနော်တို့ဆောက်နေပါတယ်။ လက်ရှိမှာတော့ ဆိုင်ကယ်တွေ၊ ကားတွေသွားလို့ရအောင်တော့ လုပ်ထားပါတယ်”ဟု ဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရေကြီးမှုကြောင့် ရွာချင်းဆက်တံတားအချို့ပျက်စီးခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများကို ကူညီနေသည့် မြို့နယ်ဘေးစီမံဌာနနှင့် လူမှုအဖွဲ့အစည်းများက ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို သယ်ယူရာတွင်အခက်ခဲတွေနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုသို့ တံတားတွေပျက်စီးခဲ့သည့်အတွက် မောင်တောမြို့နယ်မြောက်ပိုင်းက သစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ ငါးရံချောင်း၊ ဝေလာတောင်၊ ကာလာဒေဘတ် စသည့် ကျေးရွာပေါင်း ၂၀ ခန့်မှာ သွားလာရေး အခက်အခဲများဖြစ်ပေါ်ကာ စားနပ်ရိက္ခာ ပြတ်တောက်မှုများလည်း ရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2091940224291711

Leave a Reply

Your email address will not be published.