By Development Media Group (DMG)/ August 3

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတားအချို့ပျက်စီးနေသဖြင့် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်ဘေးစီမံဌာနနှင့် လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို သယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်က ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေပြင်းထန်သဖြင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် မောင်တောမြို့နယ်အတွင်းမှ ရွာချင်းဆက်တံတား ၄ စင်းမှာ ပျက်စီးသွားခဲ့သည်။
ယင်းသို့ ရွာချင်းဆက်တံတားအချို့ပျက်စီးသွားသည့်အတွက် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများမှာ ယနေ့အထိ သယ်ယူ၍မရရှိသေးကြောင်း သစ်တုန်းနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေက ပြောသည်။
“လက်ယာချောင်းတံတား ရေထဲမျောပါသွားတဲ့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့်မိသားစုတွေကို ပေးလာတဲ့ ရိက္ခာတွေကို ဘယ်လို့မှသယ်ယူလို့မရနိုင်သေးဘူး။ ချောင်းကိုဖြတ်ဖို့ မော်တော်ဘုတ်လေးတစ်စီးကို အားကိုးနေကြရတယ်” ဟု ၎င်းကဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် မျောပါ၊ ပျက်စီးသွားခဲ့သည့် ရွာချင်းဆက်တံတားများမှာ ဝက်ကျိန်းတံတား၊ တမန်းသားတံတား၊ လက်ယာချောင်းတံတား၊ ဘောက်ရွာတံတားတို့ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် ဝက်ကျိန်းတံတားနှင့် တမန်းသားတံတား ၂ စင်းမှာ ပြုပြင်ပြီးစီးသွားပြီဖြစ်သော်လည်း လက်ယာချောင်းတံတား နှင့် ဘောက်ရွာတံတား ၂ စင်းမှာ ပြန်လည်မပြုပြင်ရသေးကြောင်း သိရသည်။

လက်ယာချောင်းတံတားမှာ ပေ ၂၀၀ ကျော်ခန့်ရှည်လျားပြီး လက်ရှိတွင် ပြန်လည်ပြုပြင်နိုင်ရန် အချိန်ကြာမြင့်နိုင်ကြောင်း သစ်တုန်းနားကျေးရွာအုပ်ချုပ်ရေးမှူးက ခန့်မှန်းပြောဆိုသည်။
“တံတားပြုပြင်နိုင်ဖို့ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးကြည့်ရှုလာကြတာတော့ရှိပါတယ်။ လက်ယာချောင်းတံတားက တောင်ကျရေတိုက်စားမှုကြောင့် အရင်ပေ ၂၀၀ ကျော်ကနေ အခုကျတော့ ပေ ၂၅၀ ကျော်လောက်အထိ ကျယ်ပြန့်သွားတယ်။ တံတားပြန်လည်ပြုပြင်ဖို့က အတော်လေးအချိန်ကြာမြင့်နိုင်ပါတယ်” ဟု ဦးထွန်းချေကပြောသည်။
အဆိုပါ လက်ယာချောင်းတံတားကို ပြုပြင်မည့်အခြေအနေနှင့် ပတ်သက်ပြီး လမ်းတံတားအထူးအဖွဲ့(၇)မှ အင်ဂျင်နီယာ ဦးစံရွှေက “မောင်တောမြောက်ပိုင်း ပျက်စီးနေတဲ့တံတားတွေအပါအဝင် ခိုင်ခန့်မှုမရှိတဲ့ တံတားတွေအားလုံး ၉ စင်းကို တစ်လအတွင်း အမြန်ဆုံးပြီးစီးအောင် ပြုပြင်သွားဖို့ပြင်ဆင်နေပါတယ်။ အခုဘယ်လီတွေသယ်ဆောင်နေတယ်” ဟု ပြောသည်
လက်ရှိမှာ ရွာချင်းဆက်တံတား ၂ စင်း ပျက်စီးနေမှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ သစ်တုံးနားခွဆုံ ၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ ငါးရံချောင်း၊ ဝေလာတောင်၊ ကာလာဒေဘတ် စသည့် ကျေးရွာပေါင်း ၂၀ ခန့်မှာ သွားလာရေးအခက်အခဲများဖြစ်ပေါ်ကာ စားနပ်ရိက္ခာများ ပြတ်တောက်လျက်ရှိနေကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2076546145831119