မောင်တောမြို့နယ်တွင် အုပ်ချူပ်ရေးမှူးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်

By Western News/ 2021 August 17

ရခိုင်ပြည်နယ် မြောက်က်ပိုင်း မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ကညင်းတန်းကျေးရွာချုပ်ရေးမှူး မာမတ် ဦးရှော်ဘီအား လက်နက်ကိုင်ဆောင်ထားသည့် မွတ်ဆလင်တစ်စုမှ ယနေ့သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျေးရွာသားများမှ ပြောသည်။

ကညင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှော်ဘီအား လက်နက်ကိုင်ဆောင်ထားသည့် လူ ၅ ဉီးခန့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ထောက်ဖမ်းဆီးသွားကာ ရွှေများနှင့် ‌ငွေများအားယူဆောင်သွားကြောင်း ပဒင်းကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးဆာဘီအုလာက Western News ကိုပြောသည်။

“အုပ်ချုပ်ရေးမှူးကို ဖမ်းသွားတာ လူ ၅ ယောက်လို့သိရပါတယ်။ လူငါးယောက်လာပြီးတော့ သေနတ် ၂ လက်နဲ့ ချိန်ရွယ်ပြီး ရွှေတွေတောင်းတယ်လို့ သူမိန်းမကပြောတယ်။ သူ့ကိုဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ ခုထိမသိရသေးဘူး” ဟုပြောသည်။

အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း ပဒင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမာမတ်က Western News ကိုပြောသည်။

“ဖမ်းဆီးသွားတာဟုတ်ပါတယ်။ နံနက် ၂ နာရီကျော် ၃ နာရီလောက်မှာပါ။ သူမိန်းမပြောတာက ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်တွေ ရခိုင်မဟုတ်ဘူး။ ဗမာလည်း မဟုတ်ဘူး။ မွတ်ဆလင်(ကုလား) စကားပြောကြတယ်။ ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်တွေဟာ သူခိုး၊ ဓားပြ လူဆိုးတွေဖြစ်နိုင်ပါတယ်” ဟုသူကပြောသည်။

ပဒင်းကျေးရွာအုပ်ချုပ်ရေးမှူး မာမတ် ဦးရှော်ဘီ အစ်ကိုဖြစ်သူဦးက”ခင်ဗျား မာမတ်ရော်ဘီလားဆိုတာကိုမေးတယ်။ ပြီးတော့ အိမ်မှာ ဘာတွေရှိလဲမေးတယ်။ ရိုက်တာ နှက်တာတွေမရှိဘူး။ ရွှေတွေယူသွားတယ်။ လက်ကိုနောက် ပြန်ကြိုးနဲ့ တုတ်တယ်။ ပြီးတော့ သူ့ကို ခေါ်ယူသွားတယ်။ မွတ်ဆလင်တွေပါ”ဟုပြောသည်။

ဦးရှော်ဘီအား ဖမ်းဆီးပြီးနောက် ၎င်းနေအိမ်မှ ရွှေ ၁၀ ကျပ်သားခွဲနှင့် ဖုန်း ၂ လုံး ငွေကြေးအချို့ကို ယူဆောင် သွားကြောင်း ညီဖြစ်သူက ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မာမတ်ရှော်ဘီ၏ ဇနီးဖြစ်သူက ဆော်မီဒါမှ မကျည်းချောင်းနယ်မြေရဲစခန်းသို့ တိုင်ကြားထားကြောင်း ညီဖြစ်သူက ပြောသည်။

ပဒင်းကျေးရွာသည် မောင်တောမြို့တောင်ဘက်ပိုင်းတွင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှော်ဘီမှာ ဩဂုတ်လ ၂၀၂၀ ခုနှစ်မှ စပြီး ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/352065386599972

Leave a Reply

Your email address will not be published.