မေယုဒေသသံဃာ့သမဂ္ဂဗဟိုကော်မတီနှင့်လူမှုအဖွဲ့အစည်းတချို့ပူးပေါင်း၍ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ့

By Narinjara/ 2021 August 1

ရဲသွေးနီနီ (စည်တောင်)

မေယုဒေသသံဃာ့သမဂ္ဂဗဟိုကော်မတီနှင့် မောင်တော၊ ဘူးသီးတောင်လူမှုအဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် မေယုဒေသအရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မောင်တော၊ ဘူးသီးတောင်) တို့ ပူးပေါင်း၍ ဘူးသီးတောင်မြောက်ပိုင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရသည်။

၎င်းကယ်ဆယ်ထောက်ပံ့ရေးခရီးစဉ်မှာ ဇူလိုင် ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၂ ရက်တာ ကြာမြင့်ခဲ့ကြောင်း၊ လူပေါင်း ၃၀၀ ခန့်ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်းအဆို ခရီးစဉ်တွင် ကိုယ်တိုင်လိုက်ပါဆောင်ရွက်ခဲ့သူ မေယုဒေသ သံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော် ဦးနာယကက နိရဉ္ဇရာသတင်းဌာနကို မိန့်ကြားသည်။

“ဦးဇင်းတို့က ဘူးသီးတောင်အထက်ပိုင်းက ရေကြီးနစ်မြုပ်ခဲ့တဲ့ ကျွန်းပေါက်၊ ဂုတ်ပီ၊ ခထီးလှ၊ ပန်းဖဲချောင်း၊ တောင်ဘဇာ၊ သရဖီ စတဲ့ရွာတွေကို အဓိကစားသုံးကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုပ် နဲ့ ရေသန့် တွေသွားလှူတာပါ။ လူတစ်ယောက် ၃ ရက်စာနှုန်းနဲ့ ရွာပေါင်း ၇ ရွာကလူတွေကိုလှူခဲ့တာပါ။ အိမ်တွေပျက်စီးတာတော့မရှိဘူး။ ရေနစ်ခဲ့လို့ ရွှံ့နွံတွေအိမ်ပေါ်တင်ကျန်ခဲ့တာတွေရှိတယ်။ နောက်ပြီး ဇီးကုန်ရွာ နဲ့ ဂုတ်ပီရွာမှာဆိုရေအများကြီးနစ်ခဲ့လို့ ကျွဲ၊ နွား၊ ဝက်တွေ သေတာတွေရှိတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါခရီးစဉ်တွင် မေယုဒေသသံဃာ့သမဂ္ဂ ဗဟိုမှ ဆရာတော် ၃ ပါးအပါအဝင် မေယုဒေသ အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မောင်တော၊ ဘူးသီးတောင်)မှ အဖွဲ့ဝင် ၇ ဦး စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦးတို့မှ စက်လှေဖြင့်ခရီးနှင်ခဲ့ကြတာဖြစ်ပြီး ဘူးသီးတောင်မှ ရေကြီးနစ်မြုပ်သည့် ကျေးရွာများသို့ ၄ နာရီကြာ သွားရကြောင်းသိရသည်။

ထို့အပြင် မေယုဒေသအရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မောင်တော၊ ဘူးသီးတောင်) သည် ဘူးသီးတောင်မြို့ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းရှိ ရေနစ်မြုပ်ခဲ့သည့် စစ်ဘေးရှောင် အိမ်ထောင်စုများထဲမှ သက်ကြီးရွယ်အိုများ ရှိသည့် အိမ်ထောင်စုများကို ဇူလိုင် ၂၉ ရက် မနက် ၈ နာရီခန့်က စားသောက်ကုန်များသွားရောက်လှူဒါန်းကြောင်းလည်းသိရသည်။

“ကျနော်တို့ကရေနစ်မြုပ်ခဲ့တဲ့ အိမ်ထောင်စုတွေထဲက အသက်ကြီးပိုင်းတွေရှိတဲ့အိမ်ထောင်စု ၆ စုကို တစ်အိမ်ထောင်စီ ဆန်၂၅ kg တစ်အိတ်၊ ဆီတစ်ဗူး၊ ကွေကာအု တစ်ထုတ် နဲ့ ငပိ၊ ငရုတ်၊ ဆားတွေ သွားလှူဖြစ်ပါတယ်” ဟု ဘူးသီးတောင်လူငယ်အဖွဲ့ဝင် လည်းဖြစ် မေယုဒေသအရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ (မောင်တော၊ ဘူးသီးတောင်) ဝင်လည်းဖြစ်သူ ကိုနိုင်နိုင် မှ နိရဉ္ဇရာသတင်းဌာနာသို့ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဇူလိုင် ၂၆ ရက်နေ့မှစ၍ ၃ ရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် တောင်ကျရေများကြောင့်ရေကြီးရေလျှံမှုများဖြစ်ပေါ် ၍ ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်တစ်ချို့နှင့် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတို့တွင် ရေနစ်မြုပ်မှုများရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကျွန်းပေါက်၊ ဂုတ်ပီ၊ ခထီးလှ၊ ပန်းဖဲချောင်း၊ တောင်ဘဇာ၊ သရဖီ စတဲ့ရွာများမှာလည်း အဆိုပါမိုးရွာသွန်းမှုကြောင့် ရေ ၅ ပေကျော်တက်ခဲ့ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4547744618570913

https://burmese.narinjara.com/news/detail/61069ea11002ba04798cd6e1

Leave a Reply

Your email address will not be published.