မာန်အောင်မှ တောင်ကုတ်သို့ အမြန်ရေယာဉ်စျေး တစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ

By Development Media Group (DMG)/ August 25

မာန်အောင်မြို့မှ တောင်ကုတ်မြို့သို့ ပြေးဆွဲနေသည့်အမြန်ရေယာဉ်စျေးမှာ လူတစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ၍ ယခင်ထက် ငါးဆကျော်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က အမြန်ရေယာဉ်စျေးမှာ လူတစ်ဦးလျှင် ၉၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း ပုံမှန်ထက်များစွာစျေးမြင့်တက်နေကြောင်း ဒေသခံများကဆိုသည်။

မာန်အောင်မှ တောင်ကုတ်သို့ ရွှေလင်းယုန်အမြန်ရေယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့သူ ဒေါ်မလေးက “ရွှေလင်းယုန်နဲ့ လိုက်ပါလာတာ လူတစ်ယောက်ကို ၅၀၀၀၀ ပေးရတယ်။ အရင်ကစျေးနဲ့ကတော့ အဆမတန်ကွာသွားတာပေါ့” ဟု ပြောသည်။

“အမြန်ရေယာဉ်စျေးက အခုထက်နည်းနည်းလျှော့ပေးဖို့လိုအပ်တယ်။ ဒါမှခရီးသွားပြည်သူတွေ၊ ကျန်းမာရေးမကောင်းလို့ ဆေးကုလာသူတွေအဆင်ပြေမှာ။ အခုကျွန်မမှာဆိုရင် နှစ်ယောက် ၁၀၀၀၀၀ ကုန်တယ်။ တော်ရုံဆင်းရဲသူဆင်းရဲသားတွေဆို ကျန်းမာရေးမကောင်းလို့ သံတွဲတို့ တောင်ကုတ်တို့ကို ဆေးလာကုမယ်ဆိုရင် တော်တော်အခက်အခဲဖြစ်နိုင်တယ်”ဟု ဒေါ်မလေးက ဆက်ပြောသည်။

လက်ရှိမှာ မာန်အောင်မှ တောင်ကုတ်သို့ ရွှေလင်းယုန်အမြန်ရေယာဉ်တစ်စီးသာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် စားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရန် ရွှေလင်းယုန်အမြန်ရေယာဉ်မှ ပြေးဆွဲမှုပြုလုပ်နေခြင်းဖြစ်ကာ လက်မှတ်စျေးမြှင့်တင်ကောက်ခံရခြင်းမှာ ပြေးဆွဲသည့်ကုန်ကျစရိတ်အပေါ်မူတည်ပြီး ကောက်ခံနေရခြင်းဖြ်းသည်ဟု ရွှေလင်းယုန်အမြန်ရေယာဉ်မှ တာဝန်ရှိသူ ကိုမောင်မောင်အေးက ပြောသည်။

“အခုကကျနော်တို့ ပြေးဆွဲပေးနေတာက ခရီးသွားပြည်သူတွေ၊ စားသောက်ကုန်တွေ၊ အောက်ဆီဂျင်တွေ ပြတ်လပ်မှုမရှိစေဖို့ အတွက် ဒေသခံတွေတောင်းဆိုချက်အရ ပြေးဆွဲနေရတာဖြစ်တယ်။ ကျနော်တို့တစ်ခေါက်ကို ဆီဖိုး၊ သင်္ဘောသားဖိုး မာန်အောင် -တောင်ကုတ်အသွားအပြန်ဆို ၉၀၀၀၀၀ လောက်ကုန်ကျငွေ ရှိတယ်။ အဲဒါကိုမှမျှတပြီး ပါလာတဲ့ကုန် စတာတွေကိုချင့်ချိန်ပြီး သင်္ဘောအသွားအပြန်ကုန်ကျစရိတ်လောက်ကိုသာ ကောက်ခံတာဖြစ်တယ်။ ငွေမပါတော့ဘူးဆိုရင်လဲ အခမဲ့တင်လာရတာတွေရှိတယ်။ အပိုကောက်ခံခြင်းတော့မဟုတ်ဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် အမြန်ရေယာဉ်စျေးမြင့်တက်နေမှုအပေါ် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စီစဉ်ပေးသင့်ကြောင်းလည်း ဒေသခံများကတောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် အခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့က ပြေးဆွဲမှုယာယီရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင်ကိုဗစ်ကူးစက်မှုအခြေအနေလျော့ကျလာသည့်အတွက် ခရီးတိုလမ်းကြောင်းများကို သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူထံမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2093499764135757

Leave a Reply

Your email address will not be published.