By Narinjara/ 2021 August 24
မတရားအသင်းဆက်သွယ်မှုပုဒ်မပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မိုးပညာဒါန ကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ယမန်နေ့က ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ သြဂုတ် ၂၃ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။
” အမှုကလောလောဆယ်တော့စစ်လို့မရသေး။ စစ်လို့မရသေးဆိုတာ ရုံးပိတ်ရက် ဖြစ်နေလို့လေ။ ၁၇(၁) တစ်မှုပဲ စွဲသေးတယ်။ မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီးတော့ပေါ့။ ဘယ်အဖွဲ့နဲ့ဆက်သွယ်ဆိုတာကို ကျနော်တို့လည်း မသိရသေး။ ရုံးဖွင့်မှ တိုင်ချက်ကြည့်ပြီး ကျနော်တို့ကပြောလို့ရမယ် ” ဟု နိရဥ္စရာသို့ပြောသည်။
ဦးအောင်ဝင်းနိုင်ကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ဦးအောင်ကြည်နိုင်ကပြောသည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော် (AA)သို့ သစ်အခွန်ခ ငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သောကြောင့်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ် ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးအောင်ဝင်းနိုင် (၄၁ နှစ်)နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်သားတို့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ယင်းနောက် ဦးအောင်ဝင်းနိုင်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို နိရဥ္စရာ က ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
https://www.facebook.com/narinjara.info/posts/4616688948343146