မင်းပြားနယ် နရမ်းကြီးကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ

By Narinjara/ 2021 August 12

သျှင်မင်းဇံ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နရမ်းကြီးကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ ညဉ့်အစောကြီး ၃ နာရီကျော်ခန့်က ထမင်းချက်စားရာ မီးကြွင်း မီးကျန်များက တဆင့် မီးစလောင်သဖြင့် လူနေအိမ်တစ်လုံး မီးလောင် ပြာကျသွားကြောင်း သတင်း သိရှိရသည်။

မီးလောင်သွားသည့်နေအိမ်မှာ နရမ်းကြီးကျေးရွာက ဦးမောင်ပု၏ သံသွပ်မိုး၊ သစ်ကာထရံကာ နေအိမ်အမျိုးအစားဖြစ်ပြီး ထမင်းချက်သည့်မီးဖိုမှ မီးစလောင်ကာ တစ်အိမ်လုံး ပြာကျသွားကြောင်း ၎င်းမီးလောင်နေရာသို့ ရောက်ရှိနေသည့် ဆွေမျိုးတော်သူ ဦးစောမောင်ကြီးက ပြောသည်။

“အခု မီးလောင်သွားတာက ကျနော် မရီးဝမ်းကွဲတော်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်လုံး ဖျားနေကြလို့ ထမင်းမချက်နိုင်ဘူး။ အသက် ၁၂ နှစ်အရွယ် သူ့သမီးလေးက ထမင်းချက်တယ်။ အဲ့သမီးလေးကလည်း မီးအားလုံးကို ရှင်းထားခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူအဖေ ပထမ တစ်ခေါက် ထကြည့်တော့ မီးမလောင်သေးဘူး။ နေမကောင်းတဲ့ ကြားက နောက်တစ်ခေါက် ထကြည့်တော့ မီးက အများကြီးလောင်နေပါပြီ။ သူအိမ်တစ်လုံးပဲ လောင်သွားတာပါ။ ကျန်တဲ့ အိမ်တွေ မပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ကျေးရွာသားများက ဝိုင်းကူမီးငြိမ်းသတ်ရာတွင် အရုဏ်တက်ချိန် ၄ နာရီခွဲ အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးငြှိမ်းချိန်တွင် အိမ်မှာ ပြာကျသွားသည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းမီးလောင်သွားသည့် နေအိမ်၍ ကာလပေါက်စျေးတန်ဖိုးမှာ ကျပ်သိန်း ၅၀ ကျော်ခန့်ရှိကြောင်း၊ လက်ရှိတွင် ၎င်းတို့မှာ နီးစပ်ရာ ကျေးရွာအတွင်း မိသားစုဆွေမျိုးထံ ခိုလှုံနေကြသည်ဟု ဆိုသည်။

https://www.facebook.com/narinjara.info/posts/4579847545360620

Leave a Reply

Your email address will not be published.