By Narinjara/ 2021 August 4
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွင် လစေ့ကိုယ်ဝန်ဆောင်တစ်ဦးထံ၌ ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လယ်က ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှ လမ်းမစစ်ဘေးရှောင်စခန်းတွင် ကလေးမီးဖွားရန်အတွက် ယာယီလာရောက်ခိုလှုံနေသည့် အသက်(၃၅)နှစ်အရွယ် ကိုယ်ဝန်လစေ့ရှိနေသူဖြစ်ကြောင်း လမ်းမကျောင်းစခန်းတာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။
“သူက ကျွန်တော်တို့စစ်ဘေးရှောင်စခန်းကတော့ မဟုတ်ဘူး။ ဆွေမျိုးတွေဆီကို ကလေးမီးဖွားဖို့ ရောက်နေတာပါ။ ဆေးခန်းကိုသွားပြနေရတာက ဒီနေ့ သူ့ကို သံသယဖြစ်လို့စစ်တယ်လို့သိရတယ်။ ကာယကံရှင်ကိုဖုန်းဆက်မေးကြည့်တော့ ကိုဗစ်အတည်ပြုလူနာဖြစ်တယ်ဆိုတာ ပြောလာပါတယ်” ဟု ပြောသည်။
၄င်းတို့အနေဖြင့် စခန်းအတွင်း ကိုဗစ်လူနာ နေထိုင်ခဲ့သည့် နေရာအနီးအနားများကို ဆေးဖြန်းခြင်းများလုပ်ဆောင်ထားပြီးဖြစ်ကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိထားသည့် ကိုယ်ဝန်သည်အား ဘူးသီးတောင်ဆေးရုံတွင် ပို့ဆောင်ထားရသည်ဟုလည်း သိရသည်။
ဘူးသီးတောင်ဆေးရုံတာဝန်ကျဆရာဝန်ကြီးအား ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်သဖြင့် ဆေးရုံ၏ အတည်ပြုချက်တစ်စုံတရာတင်ပြနိုင်ခြင်းမရှိပါ။
ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၃၅၁ ဦးနှင့် အိမ်ထောင်စု ၃၃၃ စုနေထိုင်လျက်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4554085307936844