ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ယနေ့စတင်

By Development Media Group (DMG)/ August 10

ဓာတ်ပုံ – AP

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်များ သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများတွင် မွတ်လဆင်ဒုက္ခသည် စုစုပေါင်း  ၈ သိန်းခွဲခန့် ရှိနေပြီး လက်ရှိအချိန်အထိ တရားဝင် အတည်ပြုထားသော ကိုဗစ်ကူးစက်မှု ၂၆၀၀၊ သေဆုံးသူ ၂၉ ဦး ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။

ကနဦးအဆင့်အဖြစ် လာမည့် ၃ ရက်အတွင်း အသက် ၅၅ နှစ်အထက် ဒုက္ခသည် ၄၈၀၀၀ ခန့်အား တရုတ်လုပ် ဆီနိုဖမ်းဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးအရာရှိ မာဘူဘာရာမန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ဘာဆန်ချာကျွန်းရှိ မွတ်လဆင် ဒုက္ခသည် ၁၈၀၀၀ ကိုလည်း ယခုသီတင်းပတ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ လက်ထောက်ကော်မရှင်နာ ရှမ်းအူဒိုဇာ (Shams ud Douza) က အေအက်ဖ်ပီသို့ ဖြေကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သောလများအတွက် ကူးစက်မှု အမြောက်အများ မြင့်တက်ခဲ့သဖြင့် နိုင်ငံတစ်ဝန်း၌ ဒုက္ခသည်စခန်းများ အပါအဝင် နေရာအများအပြားကို လော့ဒေါင်း ချမှတ်ထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁.၄ သန်းရှိကာ သေဆုံးသူ ၂၃၀၀၀ နီးပါးရှိသည်။ အများစုမှာ ပြီးခဲ့သောလများအတွင်း ကူးစက်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကူးစက်မှုများအနက် ၉၈ ရာခိုင်နှုန်းခန့်သည် အိန္ဒိယတွင် အကြီးအကျယ် ပျံ့နှံ့ခဲ့သည် ဒဲလ်တာကိုဗစ်မျိုးကွဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေကြသော မွတ်ဆလင်ဒုက္ခသည် အများစုမှာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဘက်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် ထွက်ပြေးခဲ့ရသူများ ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2081995368619530

Leave a Reply

Your email address will not be published.