By RFA/ 2021 August 12
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
■ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်နားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။ အဲဒီမှာ ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး အသက် ၅၅ နှစ် ကျော် ရိုဟင်ဂျာအမျိုးသား အမျိုးသမီး စုစုပေါင်း ၇၀၀၀ ကျော်ကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ ဒုက္ခသည် ၉၀၀၀၀၀ နီးပါးထဲက ၆၅၀၀၀ ကျော် ကို ထိုးနှံပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား တန်ခါလီဒုက္ခသည်စခန်းက ကိုအာနိရ်ဝါ က သူတို့စခန်းမှာ အသက် ၅၀ အထက် လူကြီးတွေကို ဩဂုတ်လ ၁၀ ရက်နေ့က စပြီး၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီး၊ ကျန်တဲ့သူ အားလုံးကိုလည်း ဆက်လက်ထိုးနှံပေးဖို့ အစိုးရကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း Delta variant ကူးစက်နေပါတယ်။ ကော့ဆက်ဘဇားခရိုင်မှာ လူ ၂၀၀၀၀ လောက် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ၂၀၀ ယောက် သေဆုံးရပါတယ်။ ဒီထဲ ရိုဟင်ဂျာ ၂၆၀၀ ကျော် ကူးစက်ခံရပြီး ၂၉ ယောက် သေဆုံးပါတယ်။
တဆက်တည်း ရခိုင်ပြည်နယ် အနောက်ပိုင်း၊ လူနေပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ မြန်မာစစ်အစိုးရခန့် ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကာကွယ်ဆေး အလုံးရေတစ်သောင်းကို စစ်တွေမြို့နယ်အတွင်းက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ သံဃာတော်တွေကို စတင်ထိုးနှံပေးမှာဖြစ်ကြောင်း၊ လက်ခံရရှိတဲ့ ကာကွယ်ဆေးအရေအတွက်အပေါ် မူတည်ပြီး အထက်အမိန့်အတိုင်း လိုက်နာရတာဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအစီအစဉ်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ အတူ ရပ်ဆိုင်း ပျက်ပြားသွားခဲ့ရပါတယ်။ ကျန်းမာရေးလုပ်သား အများအပြားကလည်း အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ လုပ်ငန်းခွင်မဝင်ဘဲ နေခဲ့ကြပါတယ်။ အခုအခါ နိုင်ငံတွင်းမှာ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာခဲ့တဲ့အတွက် စစ်တပ်က ကာကွယ်ဆေးထိုးနှံမှုတွေ အရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေရပါတယ်။
အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရ၊ အခုရက်ပိုင်းတွေအတွင်း ကူးစက်မှုကြောင့် ပျမ်းမျှတစ်ရက်ကို လူသုံးရာနီးပါး သေဆုံးနေရကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဆေးဝန်ထမ်းတွေကတော့ သေဆုံးသူအရေအတွက် ဒီထက်မက ပိုများနိုင်ကြောင်း ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေကို သံဆူးကြိုးတွေကာရံပြီး သီးသန့်ခွဲခြားထားတာပါ။ ဒါပေမဲ့ ကိုရိုနာ ကိုဗစ်ကူးစက်မှုက ပျံ့နှံ့နေဆဲ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ အသက် ၆၀ ကျော် တွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ အမည်စာရင်း ကောက်ခံခဲ့ပေမယ့် အခုထိ အကောင်အထည် မပေါ်သေးဘူးလို့ ဒုက္ခသည်တစ်ဦးကပြောပါတယ်။ သူကိုယ်တိုင် ကိုဗစ်ကူးစက်မှုလက္ခဏာတွေ ခံစားနေရပေမယ့် ဆေးရုံကို သွားရောက်စစ်ဆေးခံဖို့ မတတ်နိုင်သေးကြောင်း၊ လူအတော်များများ နေထိုင်မကောင်းဖြစ်နေကြပြီး သက်ကြီးရွယ်အိုတချို့ သေဆုံးတာတွေ ရှိနေကြောင်းလည်းပြောပါတယ်။
စစ်တွေမြို့အနီးက ဖွဲယာကုန်းနဲ့ သက်ကယ်ပြင်စခန်းတွေမှာတော့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ စတင်ဖို့ ပြင်ဆင်လာတာ မတွေ့ရသေးကြောင်း ဒေသခံတွေကပြောပါတယ်။
Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဦးဇော်ဝင်းကလည်း ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးစာရင်းမှာ ရိုဟင်ဂျာတွေ မပါဝင်တာကို ထူးပြီး မအံ့ဩမိကြောင်း၊ သူတို့အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေးအပါအဝင် အခွင့်အရေးကန့်သတ်ခံရတာတွေနဲ့ ကာလကြာရှည် ရင်ဆိုင်နေခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နေရာပြောင်းရွှေ့နေရတဲ့ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းဝန်းကျင် ရှိပြီး အများစုက ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်က ရိုဟင်ဂျာကျေးရွာတချို့မှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပေမယ့် အခုအခါ ကာကွယ်ဆေးတွေ ပြတ်တောက်နေကြောင်း သိရပါတယ်။