ပြည်နယ်စစ်ကောင်စီ၏ ပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ချက်သစ်များကြောင့် စားနပ်ရိက္ခာထောက်ပံ့သည့် အစီအစဉ်များ နှောင့်နှေးမည်ဟု ICRC ပြော

By Western News/ 2021 August 13

ရခိုင်ပြည်နယ်စစ်ကောင်စီကထုတ်ပြန်သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာသတ်မှတ်ချက်သစ်များကြောင့် ရခိုင်မှ စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့သည့်အစီအစဉ်များနှောင့်နှေးမည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကပြောသည်။

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်ကြေညာခြင်းများကြောင့် ICRC ၏ စားနပ်ရိက္ခာတင်ဆောင်သည့် ယာဉ်များအား ခရီးသွားလာရန် ခွင့်ပြုပေးခြင်းအပိုင်းတွင် ကြန့်ကြာမှုများကြုံတေွ့ခဲ့ရသလို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ချက်သစ်များကြောင့်လည်း စားနပ်ရိက္ခာထောက်ပံ့သည့် အစီအစဉ်များနှောင့်နှေးနေသည်ဟုဆိုသည်။

ယင်းအပြင် လာမည့်ရက်သတ္တပတ်များအတွင်း ရခိုင်မှ စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ပေးအပ်ရန် စီစဉ်ထားသည့် ရိက္ခာဖြန့်ဝေပေးမှုများနှောင့်နှေးမည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးမန်နေဂျာ Jacqueline Fernandez က Western News ၏မေးမြန်းမှုကို အီးမေးလ်မှတဆင့် ပြန်လည်ဖြေဆိုသည်။

ICRC အနေဖြင့်လည်း စားနပ်ရိက္ခာထောက်ပံ့သည့်အစီအစဉ်များနှောင့်နှေးမည့်အကြောင်းကို သက်ဆိုင်ရာတာဝန် ရှိသူများနှင့် စခန်းကော်မတီများထံအကြောင်းကြားထားပြီး ဘေးဒဏ်ခံရလွယ်သည့် နေရပ်စွန့်ခွာသူများထံ ၄င်းတို့၏ ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိအောင် လတ်တလောတွင် ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်းလည်း Jacqueline Fernandez ကပြောသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြည်နယ်စစ်ကောင်စီကခွင့်ပြုချက်မရ၍ စစ်ဘေးရှောင် များအား ထောက်ပံ့နေသည့်ပစ္စည်းများ ယခုလအတွင်းရောက်ရှိနိုင်မည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ အကြောင်းကြားလာကြောင်းပြောသည်။

“သူတို့ကတော့ ဒီလအတွင်းထောက်ပံ့ရေးပစ္စည်းတွေရောက်နိုင်မှာမဟုတ်ဘူးလို့ပြောတယ်။ ခွင့်ပြုချက်မရလို့ပေါ့။ ပြီးတော့ သူတို့ ထောက်ပံ့ပစ္စည်းတွေတင်လာတဲ့အခါ စစ်ဆေးတာတွေရှိတယ်လို့သိရတယ်။ ပုံမှန်ပို့နေကျကတော့ ၁၄ ရက်နေ့ပါပဲ”ဟုပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ပုံမှန်ထောက်ပံ့ပေးနေသည့်အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တခုတည်းသာရှိပြီး သတ်မှတ်အချိန်အတွင်းထောက်ပံ့ပစ္စည်းများမရောက်နိုင်လျှင် စားဝတ်နေရေး ခက်ခဲမည်ဟု ဦးစိုးနိုင် က ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ဥက္ကဌ ဦးရွှေဘော်စိန်က စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ပစ္စည်းများ သတ်မှတ်ချိန်အတွင်းမရောက်လျှင် စားနပ်ရိက္ခာများပြတ်လပ်ပြီး အဟာရချို့တဲ့လာမည်ဟု ပြောသည်။

“အခုထပ်ပြီးတော့ ကိုဗစ်တတိယလှိုင်းမှာ စည်းကမ်းချက်တွေနဲ့ Stay at Home လုပ်ထားတော့ သွားရေးလာရေးပိုင်းမှာ ကန့်သတ်မှုတွေ၊ ထောက်ခံချက်တွေပါရမည်ဆိုပြီးသတ်မှတ်လိုက်တော့ စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးပိုင်းမှာ အရင်ကနဲ့မတူဘဲ အစာရေစာငတ်ပြတ်မှုတွေဖြစ်လာမည်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေဟာ အဟာရချို့တဲ့နိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်”ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/349364483536729

Leave a Reply

Your email address will not be published.