ပေါက်တောမြို့နယ်တွင် လှေလုပ်သားတစ်ဦး ပျောက်ဆုံးနေ

By Narinjara/ 2021 August 4

သျှင်မင်းဇံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ င/ပြီကျွန်းအုပ်စု၊ ရွာမကျေးရွာမှ လှေလုပ်သားတစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ ဦးဗိုလ်ကျော်သိန်း (၄၅ နှစ်)ဖြစ်သည်။

သူသည် သြဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ရွာ၏ ရှေ့ဘက်မြစ်တွင် ကျားပိုက်ဖော်ရန် စက်တပ်လှေငယ်နှင့်အတူ နေအိမ်မှထွက်သွားပြီး ညနေ ၇ နာရီခွဲခန့်တွင် ယင်းမြစ်ဘက်မှ အော်သံတစ်ခုကြားလိုက်ပြီးနောက် ရွာသားများနှင့်အတူလိုက်လံရှာဖွေရာ လင်ယောကျ်ားဖြစ်သူကို ရှာမတွေ့တော့ကြောင်း ဇနီးဖြစ်သူ ဒေါ်မချမ်းသာက ပြောသည်။

“သူ့မှာ ဘာရန်မှလည်း မရှိပါဘူး။ အခုက ဘယ်လိုဖြစ်သွားတာလဲမပြောတတ်တော့ဘူး။ ရေနစ်သွားရင်လည်း သူအလောင်းပေါ်ရမယ်။ ကျွန်မတို့ အဲမြစ်ကို အားလုံးဘက်က ရှာပြီးသွားပြီ။ မတွေ့သေးဘူး။ သူက ကျန်းမာရေးလည်း ကောင်းပါတယ်။ သေပြီလို့တော့ မပြောနိုင်သေးဘူး။ ကျွန်မကတော့ သူ့ကို ဖမ်းသွားကြတာလို့ ထင်ပါတယ်။”ဟု ပြောသည်။

ပျောက်ဆုံးနေသူကို ယနေ့အထိရှာမတွေ့သေးသော်လည်း သူ၏ လှေအား ဩဂုတ်လ ၅ ရက်နေ့တွင် စစ်တွေမြို့မြောက်စံပြရပ်ကွက်နေ အသက် (၃၅ နှစ်) အရွယ် လူနှစ်ဦးနှင့်အတူ စစ်တွေမြို့ မင်းကြီးကျောက်တန်း (ရှူခင်းသာလမ်း) ၌ရှာတွေ့ထားသည်ဟု ပျောက်ဆုံးနေသူ၏ အစ်ကိုဝမ်းကွဲတော်စပ်သူက ပြောသည်။

“သူ့လှေကိုတွေ့ထားသူတွေကို မေးကြည့်တော့ ဩဂုတ်လ ၄ ရက်နေ့က သူတို့ ရှူခင်းသာလမ်းရှေ့အနီးမှာ ငါးရှာနေတုန်း အဲဒီလှေမျောလာတာကို တွေ့လို့ သွားဆယ်ယူထားတာလို့ သိရပါတယ်။ လှေမှာတော့ ဘာပစ္စည်းမှ မပျောက်ဘူး။ စက်လည်းရှိသေးတယ်။ အားလုံးရှိသေးတယ်။ လူပဲ ပျောက်နေတာပါ။” ဟုပြောသည်။

ပျောက်ဆုံးနေသူနှင့်အိမ်နီးချင်းဖြစ်သည့် င/ပြီကျွန်းအုပ်စု အုပ်ချုပ်ရေးမှူး မောင်ကျော်လှိုင်ကလည်း ပျောက်နေသူကို ယခုထိ ရှာမတွေ့သေးသလို ယခုကိစ္စအား ရဲစခန်းတွင် တစ်စုံတရာတိုင်ကြားအမှုဖွင့်ထားခြင်းလည်း မရှိဟု ယနေ့ သြဂုတ်လ ၅ ရက်နေ့နံနက်က ပြောသည်။

ပျောက်ဆုံးနေသူတွင် ဇနီးသည်နှင့်အတူ သားသမီး (၃) ဦးကျန်နေခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4558738167471558

Leave a Reply

Your email address will not be published.