By Western News/ 2021 August 17
![](https://newsvsinformation.com/wp-content/uploads/2021/09/231792480_351809013292276_8216220711162336665_n-1.jpg)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ ဒေသခံ ၉ ဦး မျှစ်ခူးရန်သွားပြီး ပြန်လာစဉ် သြဂုတ်လ ၁၆ ရက် ညနေ ၇ နာရီအချိန်ကစက်လှေတိမ်းမှောက်၍ ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံများကပြောသည်။
၄င်းတို့ ၉ ဦးမှာ သြဂုတ် ၁၆ ရက်နေ့လည်ပိုင်းက ချိုရည်ကျေးရွာအနီးရှိ မင်းမကူတောင်သို့ မျှစ်ခူးရန်သွားပြီး ပြန်လာကြစဉ် စေတီပြင်ကျေးရွာနှင့်ရင်းဒါးကျေးရွာကြား ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်း၊ စေတီပြင် တံတားအနီး တောဖျားမြစ်တွင်နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး စက်လှေပေါ်လိုက်ပါလာသူ ၉ ဦးအနက် ၃ ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံများကပြောသည်။
ယင်း ၉ ဦးထဲမှ ဦးမောင်သန်းလှိုင် အသက် ၄၀ နှစ်၊ ဒေါ်ရွှေမဦး အသက် ၃၅ နှစ်၊ ဒေါ်မလုံးချေ အသက် ၃၆ နှစ်၊ ဒေါ်မမျှသိန်း အသက် ၄၂ နှစ်နှင့် မရွှေရိုးမ အသက် ၁၅ နှစ်တို့ကို အသက်ရှင်လျှက်ပြန်တွေ့ခဲ့သော်လည်း ဦးခင်သန်းမောင် အသက် ၄၃ နှစ်၊ မဖြူဖြူသန်း အသက် ၂၄ နှစ်နှင့် ဒေါ်ဦးဆန်ယဉ် အသက် ၃၉ နှစ်တို့မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ကန်ပူးဒေသခံ ဦးထွန်းသိန်းလှိုင်က “ လှိုင်းကထန်နေတယ်၊ ပြီးတော့ ဖြစ်တာကလည်း ညဉ့်အချိန်ဆိုတော့ ကမ်းကပ်ချိန်လည်း မရလိုက်ဘူးထင်တယ်။ ၉ ယောက်မှာ ၅ ယောက်ကိုကယ်ဆယ်နိုင်ခဲ့တယ်။ ၄ ယောက်က ပျောက်နေတယ်။ နစ်မြုပ်တာက တော့ စေတီပြင်တံတား အနီးမှာမြုပ်တာ။ မြုပ်တာကတော့ မနေ့က ၇ နာရီလောက်ကနစ်မြုပ်တာ။ ရွာသားတွေကတော့ လိုက်ရှာနေကြတုန်းပဲ” ဟုပြောသည်။
အဆိုပါပျောက်ဆုံးနေသူထဲမှ ဒေါ်ပုမယေ၏ ရုပ်အလောင်းအား သြဂုတ် ၁၆ ရက်နေ့ ညဉ့် ၁၀ နာရီအချိန်ကရှာဖွေခဲ့ကာ ကျန် ၃ ဦးအားဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကန်ပူးဒေသခံ ကိုမောင်ခင်သန်းက ယနေ့နံနက်တွင် Western News ကိုပြောသည်။
“ပျောက်ဆုံးနေတဲ့ထဲက ဒေါ်ပုမယေရဲ့ရုပ်အလောင်းကိုတော့ မနေ့က ည ၁၀ နာရီလောက်မှာတွေ့ရှိခဲ့တယ်။ သူ့ကိုတော့ ချက်ချင်းပဲသင်္ဂြိုလ်လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ လိုက်ရှာနေတုန်းပဲ”ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/351809379958906