ပါတီ၏ ရန်ပုံငွေနှင့်ငွေကြေးစာရင်းများကို ရွေးကောက်ပွဲကော်မရှင်မှစစ်ဆေးမည်ဆိုပါက အဆင်သင့်ရှိကြောင်း ရခိုင်နိုင်ငံရေးပါတီတချို့ပြောကြား

By Development Media Group (DMG)/ August 14

နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းစာရင်းများပြုစုထားရှိမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ စစ်ဆေးသွားမည်ဟုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီတချို့အနေဖြင့် အဆင်သင့်ရှိကြောင်း ပါတီတာဝန်ရှိသူများ ပြောကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကူအညီကိုရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မကြာမီစစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ UEC မှ သြဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ စစ်ဆေးမည်ဆိုပါက အဆင့်သင့်ရှိနေကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

“ကျနော်တို့မှာ လစဉ်ရှင်းလင်းထားတာတွေရှိတယ်။ လိုအပ်တဲ့စာရင်းတွေနဲ့ ငွေရှင်းစာအုပ်တွေလည်းရှိနေပါတယ်။ အဲဒါကြောင့် တကယ်လို့များစစ်ဆေးမယ်ဆိုရင်လည်း အဆင်သင့်ရှိတယ်လို့ပြောနိုင်တယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ပတ်သက်တဲ့ အစိုးရတစ်ရပ်ကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျနော်တို့ကဆက်စပ်ပြီးအလုပ်လုပ်ရမှာဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးပါတီဥပဒေနဲ့အညီ ကျနော်တို့ကဖွဲ့စည်းတယ်၊ လှုပ်ရှားဆောင်ရွက်တယ်။ ဒါကြောင့် ဘယ်ကိစ္စမဆို ဥပဒေနဲ့အညီဆိုလို့ရှိရင် လက်ခံနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီများသည် ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေးပြင်ဆင်ထားရှိရန်နှင့် စစ်ဆေးမည့်နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရွေးကောက်ပွဲကော်မရှင်မှ ယင်းသို့ထုတ်ပြန်ပြီးနောက်တွင် ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့် စစ်ဆေးခံရန်ပြင်ဆင်ခိုင်ထားကြောင်း ယင်းပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောသည်။

“ကျနော်တို့က စစ်ဆေးခံဖို့ပြင်ဆင်ခိုင်းထားတယ်။ ဒါကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ ပစ္စည်းစာရင်းတွေ၊ ငွေကြေးစာရင်းတွေ၊ အလှူငွေတွေကို သူတို့ဘက်ကစစ်ဆေးပိုင်ခွင့်ရှိပါတယ်။ စစ်ဆေးတာ၊ မစစ်ဆေးတာက ရွေးကောက်ပွဲကော်မရှင်နဲ့ဆိုင်တယ်။ ပုံမှန်တော့ စစ်ဆေးဖို့အဆင်သင့်ကို ကျနော်တို့လုပ်ထားရတယ်။ ဒါကလည်း နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ လုပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ ပြုစုထားရှိမှုကို စစ်ဆေးမည့်ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားစာအား ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အနေဖြင့် မရရှိသေးသလို အကြောင်းကြားစာကိုလည်းမသိရှိသေးကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၅၊ ၁၆ နှင့် နည်းဥပဒေ ၁၉၊ ၂၁ တို့အရ စနစ်တကျပြုစု၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက်အထားများ ထားရှိအောင်ဆောက်ရွက်ကြရမည်ဟု UEC မှ ထုတ်ပြန်သည့်အကြောင်းကြားစာများမှာ (၁) ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေးစာရင်း၊ (၂) ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင်ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ ၎င်းတို့တရားဝင်ရရှိထားသော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေးနှင့်ပစ္စည်းစာရင်း၊ (၃) ပါတီပိုင်စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသောငွေနှင့် အမြတ်အစွန်းရရှိမှုမှတ်တမ်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် (၄) ပါတီပိုင်ရန်ပုံငွေ၊ ပါတီ၏ရငွေ၊သုံးငွေစာရင်း၊ (၅) ပါတီပိုင်စာရင်း၊ ပါတီကဝယ်ယူရရှိထားသောပစ္စည်းစာရင်း၊(၆) ပါတီစည်းရုံးရေးအတွက် ပါတီစည်းမျဉ်းနှင့်အညီ ကျခံသုံးစွဲသောအသုံးစရိတ်စာရင်းနှင့် (၇) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ပါတီရန်ပုံငွေမှကျခံသုံးစွဲသောေါ် ရွေးကောက်ပွဲအသုံးစရိတ်စာရင်း စသည်တို့ကို ဥပေဒ၊ နည်းဥပဒေတို့နှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေးအတွက်ပြင်ဆင်ထားရှိရန် UEC မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2085106154975118

https://www.dmgburmese.com/သတင်း/ပါတီ၏-ရန်ပုံငွေနှင့်ငွေကြေးစာရင်းများကို-ရွေးကောက်ပွဲကော်မရှင်မှစစ်ဆေးမည်ဆိုပါက-အဆင်သင့်ရှိကြောင်း-ရခိုင်နိုင်ငံရေးပါတီတချို့ပြောကြား.html?fbclid=IwAR0dM-MP6NP2-F6Hgcy3feEmKuu4SUYeTJ1rZ0Umv_M2qWrvJREEoTooDRk

Leave a Reply

Your email address will not be published.