ပလက်ဝ စစ်ဘေးရှောင်စခန်း ၂ ခုတွင် ကိုဗစ်ပိုးတွေ့၍ Lockdown ချ

By Western News/ 2021 August 27

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင်ရှိသည့် ရိုမန်ကက်သလစ်စစ်ဘေး‌ရှောင်စခန်းနှင့် ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတို့တွင် ကိုဗစ်ပိုးကူးစက်လူနာများတွေ့ရှိသောကြောင့် စခန်းနှစ်ခုလုံးကို Lockdown ချထားလိုက်သည်ဟု စခန်းတာဝန်ခံများကပြောသည်။

မြို့နယ်ထွေအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ သြဂုတ် ၂၇ ရက်နံနက် ၉ နာရီခန့်တွင် စခန်းကိုလာရောက် Lockdown ချလိုက်ခြင်းဖြစ်ပြီး စခန်းတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးအထိရှိနေပြီဖြစ်ကြောင်း ရိုမန်ကက်သလစ် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးအောင်ပြည့် က Western News ကိုပြောသည်။

“ဒီနေ့ နံနက် ၉နာရီက စပြီး Lockdown ချထားပါ။ စခန်းမှာ ကိုဗစ်အတည်ပြုလူနာ ၂ ယောက်ရှိတယ်။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါတယ်။ ကိုဗစ်စတွေ့တဲ့ လူနာနဲ့ သူ့သမီးတို့ဖြစ်ပါတယ်”ဟု ပြောသည်။

အလားတူ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင်လည်း စခန်းတွင်းနေထိုင်သည့် သမီးထံသို့အလည်လာသည့် အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသောကြောင့် စခန်းကို Lockdown ချထားရပြီး စားဝတ်နေရေးပိုင်းတွင် ခက်ခဲလာနိုင်သည်ဟု စခန်းတာဝန်ခံ ဦးရဲဒက်မောင်က Western News ကိုပြောသည်။

“ စခန်းကို Lockdown ချထားတယ်ဆိုတော့ အခက်တွေက အများကြီးရှိတာပေါ့။ စခန်းကနေပြီး ရှာဖွေစားသောက်လို့လည်း မရတော့ ငွေကြေးကြပ်တည်းမှုတွေဖြစ်လာနိုင်တယ်။ ပိုးတွေ့တဲ့လူနာကတော့ စခန်းမှာနေတာမဟုတ်ဘူး။ စခန်းမှာနေတဲ့ သူ့ရဲ့သမီးဆီကို အလည်လာရင်း ကိုဗစ်ပိုးတွေ့တာ”ဟုပြောသည်။

လက်ရှိတွင် စခန်းနှစ်ခုလုံးအတွင်းမှ Nagative တွေ့သောလူများအား Volunteer အဖြစ် စခန်းအတွင်းနှင့် အပြင်အား ဆက်သွယ်ပေးရန်စီစဉ်ထားပြီး စခန်းအတွင်းမှ ကိုဗစ်အတည်ပြုလူနာများနှင့် ဆက်စပ်သူများကိုလည်း သီးခြား ကွာရန်တင်းဝင်ခိုင်းထားသည်ဟု မြို့နယ်ဆေးရုံအုပ် ဒေါက်တာ စိုးသက်ပိုင်က Western News ကိုပြောသည်။

“လက်ရှိတော့ ကိုဗစ်ကူးစက်ခံနေရသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ မိသားစုတွေကိုတော့ သီးခြားကွာရန်တင်း ဝင်ခိုင်းထားပါတယ်။ စခန်းအတွင်းက Nagative တွေတဲ့ လူတွေကိုတော့ စေတနာ့ဝန်ထမ်း အဖြစ် စခန်းအပြင်နဲ့ စခန်း အတွင်းကို ဆက်သွယ်ပေး ဖို့စီစဉ်ထားတယ်။ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းက ပိုးတွေတဲ့လူနာကတော့ စခန်းရှိတဲ့ သူရဲ့သမီးဆီကို ဆီးဖလောင်း ကျေးရွာကနေ လာလည်တာဖြစ်တယ်။ အခု သူ့သမီးကို သီးခြားကွာရန်တင်း ဝင်ခိုင်းထားပြီးတော့ စခန်းကလူတွေကိုလည်း ခဏတာ အသွားလာကန့်သတ်ထားတဲ့သဘောပါ။ ရိုမန်ကစ်သလစ်စခန်းမှာတော့ စခန်းကစစ်ဘေးရှောင်ဆီမှာတွေ့တာပါ။ လူနာ ၃ ယောက်နဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုတော့ ပလက်ဝမြို့ အထက ၁ ကျောင်းမှာ ကွာရန်တင်းဝင်ခိုင်းထားတယ်” ဟုပြောသည်။

Lookdown ချခံထားရသည့် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၁၉ စုနှင့် လူဦးရေ ၁၄၆၂ ဦးရှိပြီး ရိုမန်ကတ်သလစ်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃၃ စုနှင့် လူဦးရေ ၁၅၀ ရှိကြောင်းလည်းသိရသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၂၀ ဦးထိရှိပြီး သေဆုံးလူ ၄ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရသူ ၃၆၅ ဦးရှိသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

https://www.facebook.com/westernnewsagency/posts/358750669264777

Leave a Reply

Your email address will not be published.