Mizzima / 2021 August 1
ချင်းပြည်နယ်ပလက်ဝမြို့တွင် စစ်တပ်နှင့်ရခိုင်တပ်တော် (AA) လက်နက်ကိုင်တပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကုန်းလမ်း၊ရေလမ်း ပိတ်ဆို့ထားရှိပြီးနောက် ယခုအခါတိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း နယ်မြေခံ စကစတပ်များမှ လမ်းကြောင်းများကို ဆက်လက်ထိန်းချုပ်ထားရှိသည့်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများစွာရှိနေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
”ဒီမှာက အခုဆိုရင် စစ်လည်းမဖြစ်တော့ဘူး ။ ဒီတော့လမ်းတွေကို ပြန်ဖွင့်ပေးသင့်ပါတယ်။ အရင်ကတော့ တိုက်ပွဲကြောင့်တဲ့၊ အခုကျတော့ကိုဗစ်ကိုအကြောင်းပြပြီး သွားလာရေးကန့်သတ်သလိုလို လုပ်တယ် ။ဒါပေမယ့် စကစနဲ့အဆင်ပြေတဲ့သူတွေကျတော့ ဘယ်အချိန်သွားသွား ရနေတယ်။ အခြေခံစား သောက်ကုန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုတရားဝင်သယ်ယူခွင့်တင်ပြပေမယ့် ကြန့်ကြာမှုတွေရှိနေတယ်။ ကျွန်တော်တို့လုပ်ငန်းတွေဆိုရင် ဌာနကလည်းခွင့်ပြုထားတယ် ။ အဲဒါတောင် နယ်မြေခံတပ်မမှူးဆီမှာ ကြန့်ကြာနေပြန်တယ် ။ အကြောင်းပြချက်လည်းမပေးဘူး”ဟု ပလက်ဝ မြို့နယ်လုပ်ငန်းရှင် တစ်ဦးကဆိုသည်။
နယ်မြေခံတပ်များသည် တစ်ပတ်လျှင် တနင်္လာ နဲ့ ကြာသပတေး နှစ်ရက်သာ ”ပလက်ဝ – ကျောက်တော်”ကို ရေလမ်းခရီးဖြင့် သွားလာခွင့်ပြုထားသော်လည်း ကန့်သတ်မှုများရှိနေပြီး တည်ဆောက်ရေးလုပ်ငန်းများသည် သတ်မှတ်ဘဏ္ဍာနှစ် အလိုက်လုပ်ကိုင်ရသောကြောင့် အခက်အခဲများစွာ ရှိကြောင်းသိရသည်။
၂၀၁၅ ခုနှစ်မတ်လမှ စတင်ပြီး ပလက်ဝမြို့နယ်အတွင်း အေအေတပ်များနှင့် စစ်တပ် တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်က ပလက်ဝမြို့နယ်အတွင်း ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ကျောက်တော်မှ ရေလမ်း၊ ကုန်းလမ်းခရီးများဖြင့် လျှင်မြန်စွာ သွားလာနိုင်သော်လည်း စစ်ပွဲများကြောင့် အဆိုပါလမ်းကြောင်းများပိတ်ထားပြီး မိုင်ပေါင်းများစွာဝေးကွာသော ပခုက္ကူ – မင်းတပ် – မတူပီ-ဆမီး – ပလက်ဝလမ်းကြောင်းကိုသာ အသုံးပြုနေကြရသည်။
https://www.facebook.com/MizzimaDaily/posts/4623818397653029