By Western News/ 2021 August 15
ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်း သွားလာသူများ ပလက်ဝရေလမ်းကြောင်းတည်ရှိသည့် တပ်မ ၁၁ ကို သွားရောက်တိုင်တန်းရပြီး ၄င်းတို့ကခွင့်ပြုမိန့်ကျမှသာလျှင် သွားလာခွင့်ပြုကြောင်း ဒေသခံများကပြောသည်။ယင်းသို့ ခွင့်ပြုမိန့်ကျပြီးမှသာ သွားလာရသည်မှာ ၄ လခန့်ကြာမြင့်နေပြီဖြစ်ပြီး တိုင်တန်းရမှုကြောင့် အရေးပေါ် လူနာများမှာ အချိန်ကြန့်ကြာမှုများရှိ၍ လမ်းတွင်သေဆုံးမှုများရှိသည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က Western News သို့ ပြောသည်။
“ခွင့်တိုင်ပြီးမှ သွားရတာ ၄ လလောက်တောင်ရှိပြီ။ အရင်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာကော စစ်တပ်မှာပါ ခွင့်တင်ရပါတယ်။ အခုတော့ စစ်တပ်မှာပဲ ခွင့်ပြုမိန့်တင်ရပါတော့တယ်။ တစ်ပတ်လောက်တောင် ကြို့တင်ပြီးခွင့် တင်ရပါတယ်။ အခုလို ခွင့်တိုင်တန်းရတာကြောင့် အရေးပေါ်လူနာတွေတောင် သူတို့ ဆီက ခွင့်ပြုချက်မရ ရင်ဆေးကု သခွင့်မရဘဲ လမ်းမှာသေဆုံးသွားတဲ့ လူနာတွေအများကြီးရှိတယ်”ဟုသူကပြောသည်။
ယခုအချန်သည် တိုက်ပွဲကာလ မဟုတ်သောကြောင့် သွားလာခွင့်များအား ဖြေလျော့ပေးရန်လိုအပ်ပြီး ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်သည်ဟု ၎င်းကဆက်ပြောသည်။
ခရီးသွားပြည်သူများ လုံခြုံရေးချောမွေ့စေရေးအတွက် လိုအပ်လျှင်လိုအပ်သလို စီမံဆောင်ရွက်မှုများ ရှိကောင်းရှိနိုင်သည်ဟု ပလက်ဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးညီညီဝင်းက Western News သို့ပြောသည်။
“တပ်ပိုင်းဆိုင်းရာက လုံခြုံရေးပိုင်းတွေရှိကောင်းရှိနေမှာပေါ့။ အဲ့ဒါဘဲ ကျွန်တော်ဖြေလို့ရမယ်။ ကျွန်တော်တို့ ဖက်ကတော့ ခရီးသွားပြည်သူတွေလုံခြုံရေးချော့မွေ့စေရေးအတွက် လိုအပ်ရင်လိုအပ်သလို စီမံဆောင်ရွက်တာ တွေရှိကောင်းရှိနိုင်ပါတယ်”ဟုပြောသည်။
ကျောက်တော် ပလက်ဝ ခရီးသွားလာခွင့်တိုင်တန်းရခြင်းနှင့် ပတ်သက်၍ ပလက်ဝ တပ်မ ၁၁ မှ ဗိုလ်မှူးနေလင်းအောင်အား Western News က ဆက်သွယ်ရာတွင် သူအနေဖြင့် ဖြေဆိုရန်အဆင်မပြေဘဲ အထက်လူကြီးများကိုသာ မေးမြန်းရန်ပြန်လည်ဖြေဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါ။
အရေးပေါ်ကိစ္စနှင့် ကျန်းမာရေး ကိစ္စများအား အထက်သို့ခွင့်တိုင်စရာ မလိုဘဲ ဂိတ်တွင်ပြောလိုက်ရုံနှင့် သွားလို့ ရအောင်အထိ ဖြေလျော့မှုတွေပြုလုပ်ပေးစေချင်သည်ဟု ပလက်ဝမြို့နယ် Raiki (ချင်း)လူမှုကူညီရေးအဖွဲ့တာဝန်ခံ ကိုကျော်ရှိန်း ကလည်း Western News ကိုပြောသည်။
“ကျောက်တော်ဘက်ကို စစ်တပ်ကခွင့်ပြုချက်ရမှသွားလို့ ရတယ်။ ခွင့်ပြုချက်တင်ရတာက တစ်ခါတကျရင် ရက်ချင်းရသလို တစ်ပတ်လောက် စောင့်ရတာတွေလည်း ရှိပါတယ်။ အရေးပေါ်ကျန်းမားရေးနဲ့ ပတ်သက်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဦးစွာတိုင်ရတယ်။ မြို့နယ်က သူတို့ကိုဖုန်းလှမ်းဆက်ပြီး သွားလို့ရရင်ရပေါ့။ သွားလို့ မရဘဲ တစ်ချို့တွေက အသက်ဆုံးသွားတာတွေလည်းရှိတယ်။ အရေးပေါ်ကိစ္စတို့ ကျန်းမာရေး ကိစ္စတို့ဆိုလိုရှိရင် အထက်ကို ခွင့်တိုင်စရာမလိုဘဲ ဂိတ်တွင်ပြောလိုက်ရုံနဲ့ သွားလို့ရအောင်အထိဖြေလျော့မှုတွေ လုပ်စေချင်တယ်။ နှစ်နေရာ သုံးနေရာလောက်သွားပြီး ခွင့်တိုင်နေရတော့ ကြန့်ကြာမှုတွေရှိတာပေါ့”ဟုပြောသည်။
ပလက်ဝမြို့နယ် မှပြည်သူလူထုများသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို အဓိကအားထားပြီး ကုန်သွယ်မှုများကိုပြုလုပ်နေကြရသည့် ချင်းပြည်နယ်၏ လူဦးရေ အထူထပ်ဆုံး မြို့နယ်တစ်ခုဟုလည်းသိရသည်။
ပလက်ဝမြို့နယ်တွင် ရက္ခိုင်တပ်တော်(AA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်း ၃ ခု ရှိပြီး စစ်ဘေးရှောင်ဦးရေ ၉၀၀၀ ကျော်ရှိနေသည်ဟုလည်းသိရသည်။ ပလက်ဝမြို့နယ်တွင် ခလရ ၂၈၉တပ်ရင်း၊ တပ်မ ၁၁ နှင့် တပ်မ ၅၅ တို့က အထိုင်အနေဖြင့် တပ်စွဲလျှက်ရှိသည်ဟုဒေသခံများကပြောသည်။
https://www.facebook.com/westernnewsagency/posts/350656823407495