နှစ်လကျော်ကြာဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲ

By Narinjara/ 2021 August 9

အောင်ဇံ

၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တည်းက ဖမ်းဆီးခံရပြီး ၂လ ကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တောင်ကုတ် မြို့နယ်တရားရုံး၌ ရုံးထုတ် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ဦးအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက ” ဒီနေ့ရုံးထုတ်တယ်။ မြင်တော့မြင်လိုက်ရတယ်။ ရုံးထုတ်တယ်ဆိုလို့။ စကားတော့မပြောလိုက်ရဘူး။ ကျွန်မတို့ကို တရားရုံးထဲဝင်ခွင့် မပေးဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

နောက်ထပ် ဩဂုတ် ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ဦးအောင်ဝင်းနိုင်အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်မီမီခိုင်က ” ရုံးချိန်းက ၂၃ ရက်နေ့ ချိန်းထားတယ်။ အဲ့ဒီအခါကျမှ အတိအကျသိရပါမယ်။ အခုက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)လို့ဘဲ သိထားသေးတယ်။ မြို့နယ်ရဲတပ်ဖွဲ့က တရားလိုလုပ်တာ။ ဘယ်သူလဲဆိုတာတော့ အတိ အကျ မသိရသေး” ဟုပြောသည်။

ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ က မတရား အသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁) ဖြင့် တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ဖမ်းဆီးခံရသည့် အခြား ၆ ဦးမှာ ယနေ့အချိန်ထိအဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေဟု သိရသည်။

အဆိုပါ မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇ (၁) သည် ၂နှစ်ထက်မနည်း၊ ၃နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။

အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

https://www.facebook.com/narinjara.info/posts/4571200366225338

Leave a Reply

Your email address will not be published.