By Western News/ 2021 August 15

မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လက်ရှိ ကိုဗစ်ရောဂါတို့ကြောင့် နယ်စပ်ကုန်သွယ်မှုများပိတ်ထားသဖြင့် ရခိုင်ပြည်နယ် တွင်းထွက် ရေထွက်ပစ္စည်းတင်ပို့မှုများမှာ စျေးကွက်မရှိ၍ စျေးနှုန်းများထိုးကျနေသည်ဟု ရေထွက်ပစ္စည်း လုပ် ငန်းလုပ်ကိုင်သူများကပြောသည်။
ယခင်က ပြည်တွင်းမှနေ၍ မြဝတီမှတစ်ဆင့် တစ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် မူဆယ် နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံမားသို့ တင်ပို့ခဲ့စဉ်က စျေးကွက်ရှိ၍ စျေးကောင်းရရှိခဲ့သော်လည်း ယခုအခါ အဆိုပါ နယ်စပ်များကို ပိတ်ထားသည့်အတွက် ပြည်တွင်းတစ်ခုတည်းတွင်သာရောင်းချနေရကြောင်း လုပ်ငန်းရှင်များကပြောဆိုကြသည်။
ရန်ကုန်မြို့ ပြည်တွင်းတစ်ခုတည်းတွင်သာ ရောင်းချရသည့်အတွက် မိမိတို့ပြည်တွင်းတွင် စျေးကွက်မရှိသဖြင့် စျေးများမှာ အဆမတန်ထိုးကျနေကြာင်းနှင့် ယခင် ကဏန်း ၁ကီလို( ၆၀ )ကျပ်သားကို ၄၀၀၀ကျပ်မှ ၇၀၀၀ ကျပ် ထိရှိရာမှ ယခုအခါ ၁ကီလို(၆၀ကျပ်သားကို) ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိသာ ရရှိသည်ဟု စစ်တွေမြို့ မင်းဂံ ရပ်ကွက်မှ ကဏန်းလုပ်ငန်းလုပ်ကိုင်သူ ဦးအစ်မောင်ကပြောသည်။
“အရင်တုန်းကတော့ မူဆယ်ဖက်တွေကို တင်ပို့ပါတယ်။ စျေးကွက်ကလည်းရှိတော့ စျေးနှုန်းတွေ ကောင်းတယ်။ ခုက နိုင်ငံရေးအခြအနေနဲ့ ကိုဗစ်ရောဂါကြောင့် မူဆယ်ဖက် လမ်းတွေက ပိတ်ထားတယ်။ အဲ့အခါ ကျတော့ ပြည် တွင်းမှာပဲ ရောင်းချကြရတယ်။ ပြည်မဖက်တွေပေါ့ ရန်ကုန်မှာလေ ။ပြည်တွင်းက စျေးကွက်မရှိတော့ စျေးနှုန်း တွေကလည်း လုံးဝကျဆင်းသွားတယ်”ဟုပြောသည်။
ယင်းပြင် ယခင်က ပြည်တွင်းမှနေ၍ ပြည်ပ ဖက်ကို (၇၀၀၀ ကီလို)ဆန့် ကား ၃ စီးမှ ၅ စီးခန့်အထိ ကဏန်းများ တင်ပို့နိုင်သော်လည်း ယခုအခါ စျေးမရရှိမှုနှင့် ဝယ်ယူစားသုံးသူ နည်းပါး၍ (၇၀၀၀ကီလို)ဆန့် ကား ၁ စီး ကျော် ခန့်သာ တင်ပို့နိုင်တော့သည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ယခင်က မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့၍ စျေးကောင်းရရှိခဲ့သည့် ရခိုင်ပြည်တွက် ရေချိုပု ဇွန်နှင့် ရေငံပုဇွန်စျေးနှုန်းများမှာလည်း ထိုင်းနိုင်ငံသို့ မတင်ပို့နိုင်သဖြင့် စျေးနှုန်းလုံးဝကျဆင်းနေသည်ဟု မင်းပြား မြို့ပြည်တော်သာ ရပ်ကွက်ရှိ ဦးစိုးမင်းပုဇွန်ဒိုင်ပိုင်ရှင် ဦးဦးစိုးမင်းကပြောသည်။
ယင်းပြင်စျေးကွက်မရှိ၍ ယခင်က ရေငံပုဇွန်(ကုလားပုဇွန်) ၁ ပိဿလျှင် ၃၀၀၀၀ကျပ်မှ ၄၀၀၀၀ ကျပ်အထိရှိ သော်လည်း ယခုအခါ ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိသာ ရရှိသလို ရေချိုပုဇွန်( ပုဇွန်တုတ်) ယခင်က ၃ ကျပ် သားအထက် ၁ ကောင်ကို ၁၅၀၀၀ ကျပ်၊ ၆ ကျပ်သားအထက် ၁ ကောင်ကို ၂၀၀၀၀ ကျပ်၊ ၁၂ ကျပ်သား ၁ ကောင် ကို ၃၀၀၀၀ ကျပ်နှင့် ၁၄ ကျပ်သားတစ်ကောင်ကို ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ကျပ်အထိ စျေးရရှိသည်။ သို့သော် ယခုအခါ အဆိုပါ အကောင်အားလုံးကို ရော၍ တစ်ပိဿာကိုမှ ၁၅၀၀၀ ကျပ်ခန့်သာရရှိသည်ဟု ဦးဦးစိုးမင်းကပြော သည်။“မြဝတီကနေ တစ်ဆင့် ထိုင်းကို တင်ပို့လို့ရတဲ့အခါက အကောင်လိုက် စျေးကောင်းရခဲ့တဲ့ ရေချိုပုဇွန်တွေဟာ ခု ဆိုရင် အကုန်လုံးရောပြီးတော့မှ ၁ ပိဿာကို ၁၅၀၀၀လောက်ပဲရပါတယ်။ ရေငံပုဇွန်တောင် စျေးနည်းနည်း ကောင်းနေ သေးတယ်။ ရန်ကုန်ကနေတစ်ဆင့် ဂျပန်ကို တင်ပို့လို့ အဆင်ပြေလို့တဲ့။ ရေချိုပုဇွန်တွေကတော့ စျေး လုံးဝမကောင်း တော့ဘူး။ စျေးတွေကျတော့ ပင်လယ်ပြင်တွေထွက်ပြီး တစ်ရက်လုံးရှာဖွေနေကြတဲ့ လက်လုပ် လက်စားတွေက ဝင်ငွေက တစ်ဝက်တောင်မရတော့ သူတို့ အခက်ကြုံရတယ်”ဟုပြောသည်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ်ရေထွက်ပစ္စည်းများအတွက် တိကျသော စျေးကွက်မရှိသဖြင့် စျေးမရရှိသော ကြောင့် စျေးကွက်တစ်ခု စနစ်တကျလုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း ရေထွက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
အာဏာသိမ်းမှုဖြစ်ပွားသည့် ဖေဖော်ဝါရီ လလယ်ခန့်မှ နေ၍ နယ်စပ်ကုန်သွယ်မှုမျာကို ပိတ်ထားသည့်အတွက် ပြည်ပဖက်မှ တင်သွင်းကုန်များပြတ်တောက်မှုနှင့် စျေးနှုန်းများလည်း ၅၀ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ မြင့် တက်နေသည်။
ပြည်တွင်းထွက် ကုန်ပစ္စည်းများကို တင်ပို့ရောင်းချခွင့်မရရှိသည့်အတွက်လည်း ပြည်တွင်းထွက်ကုန်များမှာ စျေးကွက်မရိ၍ စျေးနှုန်းများကျဆင်းနေကြသည်။
https://www.facebook.com/westernnewsagency/posts/350572733415904