ဒေသခံများ၏ တိုင်ကြားမှုကြောင့် AA မှလာရောက်ဖြေရှင်းခြင်းဖြစ်ပြီး Burma Campaign (UK)၏ ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိဟု လက်မကျေးရွာတာဝန်ရှိသူများပြော

By Western News/ 2021 August 6

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာမှ ခိုးဆိုးလုယက်ရာဇဝတ်မှုများကျူးလွန်နေသည့် ဦးရွှေသိန်းမောင် (မွတ်စလင်အမည်- အဲလိယာ့စ်)နှင့်လူဆိုးဂိုဏ်များအား ဒေသခံများ၏တိုင်ကြားမှုဖြင့် ရက္ခိုင့်တပ်တော် AA က လာရောက် ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပြီး Burma Campaign (UK)၏ ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိဟု ကျေးရွာတာဝန်ရှိသူများကပြော Western News ကိုပြောသည်။

ဗြိတိန်အခြေစိုက် မွတ်စလင်များအရေးတက်ကြွလှုပ်ရှားနေသည့် Burma Campaign (UK)၏ ဇူလိုင်လ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ်၊လက်မ(မွတ်စလင်)ကျေးရွာအတွင်းသို့ AA တပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဝင်ရောက်လာပြီး ကျေးရွာသားများထံမှဆပ်ကြေးကောက်ခံခဲ့သလို ဆပ်ကြေးပေးရန်ငြင်းဆန်သည့် ကျေးရွာသား ၁၂ ဦးကိုလည်း ဗလီအတွင်းပိတ်လှောင်ထားခဲ့ကာ လသားအရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။

Burma Campaign (UK)၏ ထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိသလို ဒေသခံကျေးရွာသားများ၏တိုင်ကြားမှုကြောင့် AA က လာရောက်ဖြေရှင်းပေးခြင်းဖြစ်သည်ဟု လက်မကျေးရွာမှ ရာအိမ်မှူးတစ်ဦးဖြစ်သလို ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သည့် ဦးအိုစမန် က Western News ကိုပြောဆိုသည်။

“ရွာသားတွေက နွားပျောက်တယ်၊၊ ကျွဲပျောက်တယ်ဆိုပြီးလာတိုင်ကြတယ်။ အဲဒါကို ရွာကအုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူ တွေက စစ်ဆေးတဲ့အချိန်မှာ သူတို့က မင်းတို့ဘာအကောင်လဲဆိုပြီး အစစ်အဆေးမခံဘဲဓါးနဲ့ခုတ်ဖို့လိုက်တယ်။ ခုတ်ဖို့လိုက်တဲ့ အချိန်မှာထွက်ပြေးကြတော့ ကျကျန်လိုက်တဲ့ဖုန်းကိုလည်း သူတို့ယူဆောင်သွားတယ်။ သက်ဆိုင်ရာမြို့နယ်အဆင့်ကိုတိုင်ရင် လည်း ရွာကိုဆင်းမလာဘူး။ ဆိုတော့ ရက္ခိုင့်တပ်တော်ကိုတိုင်တန်းတယ်။ သူတို့ကို ရပ်မိရပ်ဖတွေနဲ့ခေါ်ခိုင်းတယ်။ သူတို့က မလာဘူး။ ဆိုတော့ သူတို့မိသားစုတွေကိုခေါ်ပြီးတော့ သူတို့ကိုဖြေရှင်းချက်ပေးဖို့လာခဲ့ပါဆိုပြီးတော့ပြောခဲ့တယ်။ သူတို့က မဖြေရှင်းဘဲနဲ့ရွာကထွက်ပြေသွားတယ်။ ပြီးတော့ ဖေ့စ်ဘုတ်တွေနဲ့သတင်းမီဒီယာတွေမှာ အမျိုးမျိုးတင်တယ်။ အဲဒါကြောင့် ဒီလိုဖြစ်သွားတာ။ Burma Campaign (UK) ရဲ့ထုတ်ပြန်ချက်က လုံးဝမမှန်ကန်ဘူး” ဟုပြောသည်။

ရာဇဝတ်မှုများကျူးလွန်နေသည့် ဦးရွှေသိန်းမောင် (မွတ်စလင်အမည်- အဲလိယာ့စ်)နှင့်လူဆိုးဂိုဏ်များမှာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျွဲ၊ နွားများကိုခိုးယူကာရောင်းချနေသူများဖြစ်သလို တခြားသူများခိုးယူလာသည့် ကျွဲ၊ နွားများနှင့် ပစ္စည်းတချို့ ကိုလည်း လက်ခံရောင်းချပေးနေသူများဖြစ်သည်ဟု ဦးအိုစမန် က ဆက်ပြောသည်။

လက်မကျေးရွာမှ နောက်ထပ် ရာအိမ်မှူးတစ်ဦးဖြစ်သည့် ဦးဂျီယာမန် က ”သူတို့က သူခိုးတွေ၊ ဓါးမြတွေဖြစ်တယ်။ သူတို့ကို AA ကစစ်ဆေးတဲ့အခါ သူခိုး ၁၂ ယောက်မှာ ၂ ယောက်ကအစစ်ခံတယ်။ စစ်တဲ့အခါ သူတို့က ဟုတ်တယ်။ သူတို့ ပစ္စည်းတွေကိုခိုးတယ်ဆိုပြီးဝန်ခံတယ်။ AA လုပ်တာကလည်း အမှန်ကိုလုပ်တာပါ။ လူတစ်ယောက်ကိုမဟုတ် မတရားလုပ်တဲ့ လူတွေကို သူတို့က အဆင်ပြေအောင်လုပ်ပေးတာဖြစ်တယ်။ ပြီးတော့ စစ်ဆေးတဲ့အခါမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တွေ၊ မိသားစုတွေ၊ ရပ်မိရပ်ဖတွေရှေ့မှာစစ်ဆေးတာ” ဟုပြောသည်။

ရခိုင်တပ်တော် AA ကလည်း လက်မကျေးရွာမှ ရာဇဝတ်မှုများကျူးလွန်နေသည့် လူဆိုးဂိုဏ်များအား ဒေသခံများ၏ တိုင်ကြားမှုကြောင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သလို Burma Campaign (UK)၏ စွပ်စွဲထုတ်ပြန်ချက်မှာလည်း မှန်ကန်မှုမရှိဟု ယမန်နေ့က Western News ကိုပြောဆိုထားသည်။

ယင်းအပြင် ဘာသာရေး၊ လူ့အခွင့်အရေးများကို အကာအကွယ်ယူပြီး ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို ULA/ AA ကခွင့်မပြုနိုင်ကြောင်းလည်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောဆိုသည်။

https://www.facebook.com/westernnewsagency/posts/344869203986257

Leave a Reply

Your email address will not be published.