တောင်ကုတ် NLD မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်အပါအဝင်နှစ်ဦးကို ရုံးချိန်းရက်ရွှေ့

By Narinjara/ 2021 August 23

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် NLD မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်အပါအဝင် နှစ်ဦးအမှု၏ရုံးချိန်ကို စက်တင်ဘာလ ၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် တောင်ကုတ်ရဲစခန်းမှနေ၍ အွန်လိုင်းဖြင့် မြို့နယ်တရားသူကြီးနှင့်တွေ့ဆုံစေပြီး အစိုးရတရားဝင်ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် ရှေ့လ စက်တင်ဘာလ ၁ ရက်နေ့ကို ရက်ရွှေ့လိုက်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“တရားဝင်အစိုးရရုံးပိတ်ရက်က ၃၁ ရက်နေ့ထိပိတ်ထားတော့လေ။ ရက်ရွှေ့လိုက်တာပါ။ ကိုမင်းအောင်ကို တပ်ကနေပြီးတော့ တောင်ကုတ်ရဲစခန်းကိုထုတ်တယ်။ ရဲစခန်းကနေဗွီဒီယိုအွန်လိုင်းကနေ တရားသူကြီးနဲ့ပြောလိုက်တယ်ပေါ့နော်”ဟုပြောသည်။

ယင်းနောက် ဦးမင်းအောင်အား နောက်ထပ် အဂတိလိုက်စားမှုဖြင့် စွဲဆိုထားသည့်အမှုအတွက်ရင်ဆိုင်ရန် တောင်ကုတ်ရဲစခန်းမှ စစ်တွေမြို့သို့ ထပ်မံပို့ဆောင်သွားမည်ဟု ကြားသိရကြောင်း သူမက ဆက်ပြောသည်။

“ကိုမင်းအောင်ကို ဒီနေ့မနက်ကအထိကတော့ သူ့ကို ၅၄၄ တပ်ထဲမှာပဲထားတာ။ ဟိုတလောက အနံ့လည်းမရဘူး။ ဖျားတယ်လို့သိရတယ်။ အောက်ဆီမီတာတို့၊ အားဆေးတို့သွားပို့ရတယ်။ ဒါပေမဲ့ ဟိုတစ်ရက်က ဆေးစစ်ချက်ယူတော့ ကိုဗစ်ပိုး Negative လို့သိရတယ်။ သူနဲ့တွေ့ရတာမဟုတ်ဘူး။ သူခရီးသွားရဖို့ရှိလို့ စစ်တာလို့သိရတယ်။ စစ်တွေမှာ နောက်ထပ်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုရင်ဆိုင်ဖို့သွားရမယ်လို့သိရတယ်။” ဟုပြောသည်။

ဦးမင်းအောင်သည် ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်တွေတွင် အမှုရင်ဆိုင်ရန် သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တောင်ကုတ်မြို့နယ်တရားရုံးတွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ ရင်ဆိုင်နေရသည့်အမှုမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံနေရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပုဒ်မ(၂၅)နှင့် ငြိမ်းစုစီပုဒ်မ(၁၉)တို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4615098285168879

Leave a Reply

Your email address will not be published.