တောင်ကုတ် မိုးပညာဒါနကျောင်းမှ ဦးအောင်ဝင်းနိုင်ကို အမှု ၂ခုဖြင့်ဖမ်းဆီးထားဟု ဇနီးဖြစ်သူဆို

By Narinjara/ 2021 August 5

အောင်ဇံ

၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသော တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းမှ   ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်ရဲစခန်းတွင်  လိုင်စင်မဲ့ယာဥ်စီးနင်းမှု အပါအဝင် အမှု ၂ခု ဖြင့်  အမှုဖွင့်ထားကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

” အမှုဖွင့်ထားတာကဟုတ်တယ်။  ဖမ်းထားတာကို ရဲစခန်းက အကြောင်းမကြားဘူး ၊ ကိုယ်ဖာသာ စုံစမ်းရတာ။ရဲစခန်းရောက်နေတာ တစ်လ ပြည့်တော့မယ်။ အမှုက ကား blackမှုနဲ့ အခြားအမှု တစ်ခုလည်းပါသေးတယ်ပြောကြတယ်။အခြားသူတွေ သတင်းတော့မကြားရဘူး။ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်” ဟု ပြောသည်။

မိုးပညာဒါနပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် (၄၁) နှစ်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

”သူတို့တရားစွဲထားတာကလည်း ဘာအမှုမှန်း ရေရေရာရာမသိရဘူး။အာမခံလည်း မရသေး။ ဖြစ်နိုင်ရင်တော့ ပြန်လွှတ်စေချင်တာပေါ့။   အပြစ်မရှိရင် ပြန်လွှတ်ပေးပေါ့ လေ”ဟု မတွယ်တာစိုး က ပြောသည်။

ဦးအောင်ဝင်းနိုင်နှင့်အတူ ဖမ်းဆီးခံထားရသူ (၆) ဦးမှာ ယနေ့အချိန်ထိ မည်သူမည်ဝါ မှန်း မသိရသေးပဲ ပျောက်ဆုံးလျက်ရှိနေကြောင်း၊ ဦးအောင်ဝင်းနိုင်တွင် ၉ လအရွယ်နှင့် ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးရှိ ပြီး မိသားစုလည်း စားဝတ်နေရေးခက်ခဲနေကြောင်းသိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် ရဲစခန်းသို့ အသေးစိတ်မေးမြန်းရန် ဆက်သွယ်သော်လည်း တစုံတရာ ဖြေဆိုခြင်း မရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/4559231950755513

Leave a Reply

Your email address will not be published.