တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းဥက္ကဋ္ဌကို မတရားအသင်းဆက်သွယ်မှုအပါအဝင် အမှုနှစ်ခုဖြင့်တရားစွဲ

By Development Media Group (DMG)/ August 9

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် လိုင်စင်မဲ့ကားမောင်းနှင်မှု စသည့်အမှုနှစ်ခုဖြင့် တရားစွဲဆိုပြီး ယနေ့ သြဂုတ်လ ၉ ရက်တွင် ပထမအကြိမ်ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုအောင်ဝင်းနိုင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် တပ်မတော်သားများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးခံရပြီး တစ်လကျော်အကြာ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကိုအောင်ဝင်းနိုင်ကို တောင်ကုတ်ရဲစခန်းသို့လွှဲပြောင်းပေးခဲ့သည်။

၎င်းအား တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးမှ တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)၊ လိုင်စင်မဲ့ကားမောင်နှင်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်ဝင်းနိုင်၏ ဇနီး မတွယ်တာစိုးကပြောသည်။

“ဒီနေ့ရုံးထုတ်တယ်။ တောင်ကုတ်တရားရုံးကိုထုတ်တာပါ။ သူ့ကိုတော့ အပြင်ကဘဲလှမ်းမြင်ရတယ်။ အထဲကိုတွေ့ခွင့်မရဘူး။ သူကိုက ကားဘလက်မှု၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)နဲ့ ရဲမှူးတစ်ဦးကတရားလိုလုပ်ပြီး တရားစွဲထားတယ်ပြောတယ်” ဟု ဆိုသည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရစဉ်က ၎င်းအပါအဝင် စုစုပေါင်း ၇ ဦးခန့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် အခြားဖမ်းဆီးခံရသူများ၏အခြေအနေကို မသိရှိရသေးပေ။
ကိုအောင်ဝင်းနိုင်၏အမှုအား ဩဂုတ်ခ ၂၃ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်းလည်း မိသားစုထံမှ သိရသည်။

ပရဟိတသမားတစ်ဦးဖြစ်သည့် က်ုအောင်ဝင်းလှိုင်အား ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုထားခြင်းမှာ လူသားကောင်းကျိုးအတွက် အကျိုးမရှိကြောင်း မိုပညာဒါနကျောင်း နာယကဆရာတော်က မိန့်သည်။

“ပရဟိတသမားတစ်ဦးကို အခုလိုတရားစွဲတာဟာ လူသားကောင်းကျိုးအတွက် တော်တော်နစ်နာတယ်။ အပြစ်မရှိတဲ့သူကို အမြန်ပြန်လွှတ်ပေးစေချင်တယ်။ သူကဘယ်မတရားအသင်းနဲ့မှ ဆက်သွယ်မှုမရှိဘူးဆိုတာကို ဘုန်းဘုန်းတို့ဘက်က ရဲရဲကြီးအာမခံရဲတယ်”ဟု မိန့်သည်။

ယင်းအမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်မြို့နယ်ကောင်စီဥက္ကဌအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

https://www.facebook.com/dmgnewsagency/posts/2081244628694604

Leave a Reply

Your email address will not be published.