တောင်ကုတ်မြို့နယ် ကျေးရွာ ၅ ရွာတွင် ၅ မှ ၆ ပေခန့်ရေနစ်မြုပ်နေ

By Western News/ 2021 August 6

မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်စံပြကျေးရွာ၊ ဘူးရွှေမော်၊ ငှက်ပျောတော၊ ကျော်ကိုင်း ၊ လိပ်ကုန်ဘောင် ၊ လမု‌မော်ကျေးရွာတို့တွင် ယနေ့ သြဂုတ်လ ၆ ရက် နံနက် ၄ နာရီကျော်အချိန့်မှ စတင်ကာ ရေနစ်မြုပ်နေသည်ဟု ကျေးရွာသားများကပြောသည်။

အဆိုပါဆားပြင်စံပြကျေးရွာမှာ အိမ်ခြေ ၈၀၀ ခန့်ရှိပြီး ရေစတင်နစ်မြုပ်လာသည့်အချိန်တွင် ၅ ပေခန့်အထိရှိခဲ့ကာ လက်ရှိ အချိန်တွင် ရေ ၁ ပေခန့်လျော့ကျသွားသည်ဟု သိရသည်။ ၎င်းကျေးရွာမှ ဦးမှဲ့သိန်းအောင်နေအိမ်မှာ ရေနှင့်မျောပါသွားသည်ဟုလည်း ကျေးရွာသားကိုစိုးလင်းထွန်းကပြောသည်။

“ နံနက် ၄ နာရီကျော်ကစလို့မြုပ်တာ။ အဲဒီအချိန်မှာရေက ၅ ပေခန့်အထိမြုပ်ခဲ့တယ်။ ၁ပေခန့်လျော့သွားတယ်။ ရေနဲ့နေအိမ်တစ်လုံးမှာ မျောပါသွားတယ်”ဟု ပြောသည်။

ယင်းအပြင် အိမ်ခြေ ၅၂၀ ခန့်ရှိသည့်ဘူးရွှေမော်ကျေးရွာမှာ မြေနိမ့်နေရာများ၌ဆိုလျှင် ရေ ၆ ပေခန့်အထိနစ်မြုပ် နေသည်ဟု ကျေးရွာသား ကိုဦးမိုးနိုင်ကပြောသည်။

“ ကျွန်တော်တို့ရွာမှာလည်း တစ်ရွာလုံးမြုပ်နေတယ်။ မြေနိမ့်တဲ့နေရာတွေမှာဆိုရင် ရေ ၆ ပေခန့်မြုပ်နေတယ်။ ကျွန်တော်တို့ကျေးရွာအုပ်စုမှာရှိတဲ့ ငှက်ပျောတော၊ ကျော်ကိုင်း၊ လိပ်ကုန်းဘောင်၊ လမုမော်ရွာတွေမှာလည်း ရေမြုပ်နေတယ်လို့သိရတယ်”ဟု ပြောသည်။

https://www.facebook.com/westernnewsagency/posts/344707200669124

Leave a Reply

Your email address will not be published.