တောင်ကုတ်မြို့က သိန်း ၄၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ အိမ်တက်ခိုးသူတရားခံကို ၃ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး

By Narinjara/ 2021 August 12

အေးမြတ်ခိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် သြဂုတ်လ ၈ ရက်နေ့ နေ့လယ်က ဖြစ်ပွားခဲ့သော သိန်း ၄၀၀ ဝန်းကျင်တန်ဖိုးရှိ အိမ်တွင်းရွှေထည်ပစ္စည်းများ အခိုးခံရမှုတွင် သံသယရှိသူတရားခံကို သုံးရက်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

အခိုးခံရမှုမှ တရားခံကို ပစ္စည်းများနှင့် အတူဖမ်းဆီးရရှိထားပြီးဖြစ်ကြောင်း၊ အခိုးခံရသော ပစ္စည်းတန်ဖိုး သိန်း ၄၀၀ ခန့်ရှိကြောင်း ပိုင်ရှင်ဖြစ်သူ ဦးသိန်းအောင်၏သားဖြစ်သူ ကိုကျော်ထက်အောင်က နိရဥ္စရာသို့ အတည်ပြု ပြောဆိုသည်။

“ရဲစခန်းဘက်ကဆက်သွယ်လာတယ်ပေါ့နော်။ တရားခံကဝန်ခံပြီလို့။ မနေ့က ညနေ ၃ နာရီလောက်က စဖမ်းပါတယ်။ ဖမ်းပြီးတောက်လျှောက်စစ်တာ။ မနက်မိုးလင်း ၃ နာရီခန့်လောက်က ဝန်ခံတယ်လို့ ပြောပါတယ်။ ဝန်ခံတော့ ပစ္စည်းတွေသွားပြီးရှာဖွေတယ်။ ပြန်ရတာတယ်ဆိုပေမယ့် လောလောဆယ် ပစ္စည်းတွေကို စီးပွားရေးဘဏ်မှာထားရတယ်ပေါ့။ ဒီအမှုပြီးမှပဲ ပြန်ရမယ်လို့ သိရပါတယ်။ ရွှေထည်ပစ္စည်းတွေပဲ ပစ္စည်းတန်ဖိုးက သိန်း ၄ဝဝခန့် လောက်ရှိမယ်လို့တော့ ယူဆရတယ်ပေါ့နော်” ဟုပြောသည်။

တရာခံမှာလောင်းကစားကြောင့် ပိုက်ဆံလိုအပ်လို့လုပ်တာဖြစ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အခုလိုကာလမှာ အစစအရာရာသတိထားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“တရားခံက ရှေ့ပိုင်းမှာ သူ့ရဲ့ရပ်တည်မှုက ရိုးရိုးသားသားလေးပဲပေါ့။ အခုသိရတာတော့ လောင်းကစားမှုတွေလုပ်လို့ ပိုက်ဆံလိုတဲ့ အတွက်ကြောင့်မလို့ အခုလိုမျိုးကိစ္စကိုကျူးလွန်တယ်လို့ သိရတယ်။ အခုလိုကာလမှာ အစစအရာရာ၊ ကျန်းမာရေးကအစပေါ့နော်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သတိထားကြဖို့လည်းပြောချင်ပါတယ်” ဟုပြောသည်။

ယခုလ ၈ ရက်က နေ့လယ် ၁ နာရီခွဲအချိန်လောက်က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က ဦးသိန်းအောင်၏ အိမ်ကုန်စုံဆိုင် တစ်ဆိုင်အတွင်း သို့ ပုံမှန်စျေးဝယ်လာသူကဲ့သို့ လူတစ်ဦးမှဝင်ရောက် လာပြီး အိမ်ပေါ်တက်ကာ ရွှေငွေပစ္စည်းများကို ခိုးယူသွားခဲ့သည်။

တောင်ကုတ်ရဲအုပ်ခင်မောင်ဆန်းက “တရားလိုအိမ်က CCTV ကိုကြည့်တယ် အခင်းဖြစ်တဲ့နေ့က တရားခံစီးတဲ့ဆိုင်ကယ်အမျိုးအစား ဒါတွေသေချာကြည့်ပြီး စစ်ဆေးအတည်ပြုချက်ရယူပြီး မြို့နယ်မှူးရဲ့လမ်းညွှန်ချက်၊ စခန်းမှူးရဲ့ အနီးကပ်ကြီးကြပ်မှု၊ အထူးအမှုစစ် အဖွဲ့ရဲ့ ကြိုးစား အားထုတ်မှုတွေနဲ့ တရားခံက ဒီနေ့ မနက် ၂ နာရီအချိန်မှာ ဝန်ခံတာပေါ့လေ။ သက်သေခံ ပစ္စည်းတွေကိုလည်း ဝန်ခံထွက်ဆိုချက်အရ သူအိမ်ကပဲဖမ်းဆီးရမိတယ်။ ဖမ်းမိတဲ့ တရားခံက ဦးအောင်ဇော်ဟိန်း” ဟု ပြောသည်။

https://www.facebook.com/narinjara.info/posts/4580092185336156

Leave a Reply

Your email address will not be published.