တောင်ကုတ်တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူအားဖမ်းမိ

By Development Media Group (DMG)/ August 12

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းမိထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါနေအိမ်အောက်ထပ်၌ ကုန်စုံဆိုင်ဖွင့်ထားပြီး ဈေးဝယ်ဟန်ဆောင်လာသူတစ်ဦးမှ နေအိမ်အပေါ်ထပ်သို့တက်ကာ ရွှေထည်ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်း ပစ္စည်းပျောက်ဆုံးသွားသည့်မိသားစုက ပြောသည်။ယင်းသို့ခိုးယူသွားသူမှာ ဦးထုပ်အမဲရောင်နှင့် Mask ကို တပ်ဆင်ထားပြီး နေအိမ်အပေါ်ထပ်ရှိ ဗီရိုထဲမှပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းခိုးမှုမှာ သြဂုတ်လ ၈ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CCTV မှတ်တမ်းများကိုစစ်ဆေးကာ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ခိုးယူသွားသူအား ဖမ်းမိခဲ့ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ခင်မောင်ဆန်းက ပြောသည်။

“သူ့နေအိမ်မှာဘဲဖမ်းမိတာပါ။ သူစီးလာတဲ့ဆိုင်ကယ်၊ သူ့အနေအထား၊ CCTV မှတ်တမ်းတွေကို သေချာစစ်ဆေးပြီး ဖမ်းဆီးမှုလုပ်ခဲ့တာပါ။ ပစ္စည်းတွေကတော့အကုန်ပြန်ရပါတယ်။ ဘာတစ်ခုမှမလျှော့ဘူး။ ခိုးသူကလဲ တောင်ကုတ်မြို့ထဲကပဲ”ဟု ပြောသည်။

လက်ရှိမှာ အခိုးခံရသည့်ပစ္စည်းများနှင့်အတူဖမ်းမိသူအား ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်

https://www.facebook.com/dmgnewsagency/posts/2083478301804570

Leave a Reply

Your email address will not be published.