တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် ပလက်ဝမှ နေအိမ်များဆောက်လုပ်မပြီးစီးမီ ပြန်ပျက်စီးနေ

By Western News/ 2021 August 26

တိုက်ပွဲကာလတွင်း မီးရှို့ခံခဲ့ရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကြက်ဥဝကျေးရွာတွင် နေအိမ် ၁၈ လုံး ဆောက်လုပ်နေသည်မှာ ၄ လကြာသည်အထိပြီးစီးမှုမရှိဘဲ ဆောက်လက်စအိမ်များလည်း ပြန်လည် ပြိုကျနေပြီဖြစ်ကြောင်း ကျေးရွာသားများကပြောသည်။

မီးရှို့ခံခဲ့ရသောနေအိမ်များကို ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၇ ဆောင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၈ ဆောင် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး နောက်ဆုံးဆောက်လုပ်ပေးနေသည့် ၁၈ ဆောင်မှာ ကြန့်ကြာနေ၍ တာဝန်ခံအား သွားပြောရာတွင် အတွေ့မခံဘဲရှောင်နေဟုကြက်ဥဝ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသာစိန်ဖြူ ကပြောသည်။

“အရင်တုန်းက ကျနော်တို့ရွာက အိမ်ခြေ ၅၀ ရှိတယ်။ တိုက်ပွဲတွေရှောင်ရင်း စစ်ရှောင်စခန်းရောက်နေတုန်း တစ်ရွာလုံးမီးရှို့ခံလိုက်ရတာပါ။ ခုရွာက အိမ်တွေကို ကျေးလက်နဲ့ နတလ တို့ကဆောက်ပေးတယ်။ ကျေးလက်က ၂၇ ဆောင် နတလ က ၁၈ ဆောင်။ ကျေးလက်က ၂၇ ဆောင်ကပြီးသွားပြီ။ နတလ ကဆောက်ပေးတဲ့ ၁၈ ဆောင်က ၄ လလောက်ကြာနေပြီ ခုထိမပြီးသေးပါဘူး။ ဆောက်လက်စနဲ့တန့်ထားတာ။ အိမ်တွေလည်း အမိုးမရှိဘဲ ပျဉ်ချပ်တွေ ခင်းထားတော့ အကုန်ပျက်စီးနေပြီ။ ကျနော် နတလ ကဆွဲထားတဲ့ ကန်ထရိုက်တာ နဲ့သွားတွေ့တယ်။ သူကသိပ်အတွေ့မခံဘူး။ ဖုန်းဆက်ရင်လည်း လမ်းရောက်နေတယ် မအားဘူးလို့ပြောတယ်” ဟုပြောသည်။

လက်ရှိတွင် ကျေးလက်မှဆောက်ပေးထားသည့်နေအိမ်များ၌လည်း အစိုးရမှနေခွင့်မပေးသေး၍ ပလက်ဝရှိ ဝိသုဒါရုံ စစ်ရှောင်စခန်းတွင်သာတစ်ရွာလုံးနေထိုင်နေရသေးကြောင်းနှင့် ယခုဆောက်ပေးထားသောအိမ်ပုံစံမှာ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းဖြစ်ပြီး အိမ်တိုင်မှာ ကျေးလက်မှဆောက်ပေးသော အိမ်၌ သစ်အနည်းငယ်အမာသား ဖြစ်ပြီး နတလ မှ ယခုဆောက်နေသောအိမ်များ၌ သစ်ပွသားများဖြစ်၍ ပိုးထိုးကာ ပျက်စီးနေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကန်ထရိုက်တာဝန်ခံ ကိုနေလင်းအောင်အားဆက်သွယ် မေးမြန်းကြည့်ရာ အိမ်များကို ဆောက်လုပ်နေပြီး ပြီးစီးခါနီးပြီဖြစ်ကြောင်း အခက်ခဲများလည်းမရှိကြောင်း ပြောသည်။

“နတလ ကနေ ကန်ထရိုက်ဆွဲထားတာပါ။ အိမ်တွေကဆောက်နေပါတယ်။ ပြီးတော့မှာပါ။ အခက်ခဲတွေဘာတွေ တော့မရှိပါဘူး။ ဘယ်တော့လောက်ပြီးမလဲဆိုတာတော့ ကျနော်လည်းသိပ်သေချာမပြောနိုင်သေးဘူး ပြန်ကြည့် ရမယ် ခုကလမ်းရောက် နေလို့ပါ” ဟုဆိုသည်။

ရွာရှိအိမ်များကို ကိုယ်တိုင်ဆောက်လုပ်နေသည့် ကြက်ဥဝ ကျေးရွာမှ လက်သမား ကိုမောင်မြင့်ဦးကမူ ကန်ထရိုက် တာဝန်ခံမှ ၎င်းတို့အားအဆက်သွယ်မလုပ်ကြောင်း ဆောက်လက်စအိမ်များမှာ ခြုံနွယ်များပင်ပြန်တက်နေပြီ ဖြစ်ကြောင်း ပြောသည်။

“ကျနော်က ကြက်ဥဝ ရွာကပဲ။ ကန်ထရိုက်တာဝန်ခံဆီကနေ အိမ် ၈ ဆောင်ယူပြီးဆောက်နေတယ်။ ကျနော်တို့ အဖွဲ့မှာ လူ ၆ ယောက်ပေါင်းပြီးဆောက်ကြတာ။ ခု အိမ်မဆောက်ဘဲ ရပ်နေတာ ၄ လလောက်ရှိပြီ။ သူက ကျနော်တို့ကို အဆက်သွယ်လည်းမလုပ်ဘူး။ ကျနော်တို့ကိုယ်တိုင် အိမ်တွေကိုဆောက်နေတာပါ။ ခု ဆောက်လက် စအိမ်တွေမှာ ချုံတွေနွယ်တွေတောင်တက်နေပြီ” ဟုပြောသည်။

ကြက်ဥဝ ကျေးရွာသည် ချင်းပြည်နယ် တမန်းသားကျေးရွာအုပ်စုတွင် ပါဝင်သည့်ရွာတစ်ရွာဖြစ်ပြီး ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်စခန်းသို့ တစ်ရွာလုံးတိမ်းရှောင်နေကြစဉ် ၂၀၂၀ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ တွင် ရွာလုံးကျွတ်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/357873516019159

Leave a Reply

Your email address will not be published.