By Narinjara/ 2021 August 11
သဥ္ဇာနွယ်
ရခိုင်ပြည်နယ် ၊စစ်တွေမြို့၊ မင်းဂံ၁၀ရပ်ကွက်ရှိ BMG သောက်ရေသန့်စက်ရုံမှ တည်ဆောက်နေသည့် oxygen plant အောက်စီဂျင်စက်ရုံမှာ ယနေ့တွင် စတင်လည်ပတ်ပြီး ထုတ်လုပ်သော အောက်စီဂျင်ဘူး ၅၀ ကို လိုအပ် နေသူများကို ကူညီလှူဒါန်းသွားမည်ဟု BMG သောက်ရေသန့်ပိုင်ရှင် ဦးထွန်းထွန်းဦးက နိရဥ္စရာ သို့ပြောသည်။
“ကျနော်တို့ oxygen plantကို ဒီနေ့ oximeter အလုံး၅၀ကို ကျနော်တို့ အဓိက ပရဟိတသမားတွေကို လှူဒါန်းသွားမှာပါ။ ပြည်သူတွေ အခက်ခဲ ဖြစ်နေလို့ ကူညီပေးရတာ ဝမ်းသာပါတယ်”ဟု သူက ပြောသည်။
၎င်းအောက်စီဂျင်စက်က်ရုံမှ အောက်စီဂျင်တစ်ရက်ကို ၄၀ လီတာဆံ့ ၇၆ လုံး ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
BMG ပုဂ္ဂလိကပိုင် အောက်စီဂျင်စက်ရုံတာဝန်ခံ ကိုနေသူက “ကျနော်တို့ အဓိက ဆင်းရဲနွမ်းပါးပြီး အောက်စီဂျင် မရပဲသေ သွားကြတဲ့ သူတွေ နည်းသွားအောင်လို့ ထုတ်လုပ်တာပါ။ တကယ် အရေးကြီးပြီး လိုအပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ကူညီပေးမှာပါ။ သန်ဘက်ခါလောက်တော့ စတင်ဖြန့်နိုင်မှာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပထမဆုံးပုဂ္ဂလိက အောက်စီဂျင် စက်ရုံဖြစ်ပြီး တစ်လအတွင်း တည်ဆောက်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4577601882251853