By Narinjara/ 2021 August 12
အောင်ဇံ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် လူငယ်အဖွဲ့တစ်ခုဖြစ်သည့် Monthly Donation Family (MDF)အဖွဲ့က ”ဟိကေလှူ၊ လိုကေယူ” အစီအစဉ်ဖြင့် Campaign လှုပ်ရှားမှု ပြုလုပ်ပြီး စစ်တွေမြို့ စက်ရုံစုရပ်ကွက်နွင့် အေးသာယာရွာတို့မှ လက်လုပ်လက်စားအိမ်ထောင်စု ၃၀၀ ကျော်ကို ယေန့တွင် စားနပ်ရိက္ခာများ ကိုယ်တိုင်သွားရောက်ကာ ထောက်ပံ့ကူညီလှူဒါန်းခဲ့ကြသည်ဟု သတင်းရရှိသည်။
အဆိုပါ Campaign အစီအစဉ်အရ စစ်တွေမြို့က ကိုဗစ်ကာလအတွင်း နွမ်းပါးနေသူများ၊ စားဝတ် နေရေးခက်ခဲနေသော အိမ်ထောင်စု (၃၀၀)အား မိသားစုတစ်စုလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၅)သိန်းကျပ်တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း MDF အဖွဲ့က ကိုကောင်းမြတ်က နိရဥ္စရာသတင်းဌာသို့ ပြောသည်။
”ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က စပြီးလှူနေတာပါ။ တစ်အိမ်ထောင် ၁၅ဝဝဝ နှုန်းနဲ့ ပစ္စည်း ဆယ်မျိုးပါဝင်ပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၃ဝဝ ပါ။ စက်ရုံစုနဲ့ အေးသာယာရွာ အေနာက်ပိုင်း တွေမှာ လှူခဲ့ပါတယ်။ အားလုံးကို ကိုဗစ်စည်းကမ်းတွေနဲ့ အညီပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ကူညီထောက်ပံ့ပေးသည့်ပစ္စည်းများအထဲတွင် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်၊ နှာခေါင်းစည်း mask ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်သုပ်နှင့် C-vit ၊ paracetamol စေသာ ဆေးဝါးများပါဝင်ကြောင်း သိရသည်။
အဆိုပါ ”ဟိကေလှူ၊ လိုကေ ယူ” Campaign ကို သြဂုတ်လ ၃ ရက်နေ့ကတည်းက လုပ်ဆောင်နေပြီး အလှူငွေ စုစုပေါင်း ကျပ်သိန်း ၆၀ ခန့်ရရှိခဲ့၍ ယခုအကြိမ်လှူဒါန်းရာတွင် ကျပ်သိန်း ၅ဝ ခန့် အသုံးပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဝေမျှရေး campaign အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့်နေရာများကို ဆက်လက်လှူဒါန်းသွားမည်ဟု ကိုကောင်းမြတ်က ဆက်ပြောသည်။
စစ်တွေမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း Stay at Home ကာလ သတ်မှတ်ထားသဖြင့် အခြေခံ လက်လုပ်လက်စား အိမ်ထောင်စု အများစုမှာ စားဝတ်နေရေး ခက်ခဲလျက်ရှိနေပြီး သူတို့အတွက် လူမှု အဖွဲ့အစည်းများက အလှူငွေများစုဆောင်းပြီး ကူညီထောက်ပံ့နေကြသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4580602118618496