စစ်တွေရှိ ခွေးလေခွေးလွင့်များကို ယနေ့ညမှစ၍ သုတ်သင်ရှင်းလင်းမည်

By Narinjara/ 2021 August 28

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခွေးလေခွေးလွင့်များအား ယနေ့ညမှစ၍ သုတ်သင်ရှင်းလင်းသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မြို့နေလူထုများအား ခွေးရူးပြန်ရောဂါနှင့် ခွေးကိုက်သည့်အန္တရာယ်မဖြစ်စေရေးအတွက် ယနေ့ သြဂုတ်လ ၂၈ ရက် ည ၉ နာရီမှ ၁ဝ နာရီခွဲအတွင်း ခွေးလေခွေးလွင့်များအား အစာကျွေးပြီး သုတ်သင်ရှင်းလင်းသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိုးက နိရဥ္စရာသို့ အတည်ပြုပြောသည်။

“ခွေးလေ ခွေးလွင့်တွေကို အစာကျွေးပြီး ည ၉ နာရီကနေ ၁၀ နာရီခွဲအထိ အစာကျွေးပြီး သုတ်သင်ရှင်းလင်းမှာပါ။ နှစ်စဉ် နှစ်တိုင်း ရှင်းနေကြမို့လို့ ကျမတို့ အနေနဲ့ ရှင်းတာပါ။”ဟု သူကပြောသည်။

ခွေးလေခွေးလွင့်များကို သြဂုတ်လ ၂၈ ရက် (စနေနေ့)၊ စက်တင်ဘာလ ၄ ရက်(စနေနေ့)နှင့် စက်တင်ဘာလ ၁၁ ရက်(စနေနေ့)တို့ ယခုကဲ့သို့ သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း သိရသည်။

စစ်တွေရှိ စိမ်းပြာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူး ဦးမိုးကျော်က “ဒီခွေးလေခွေးလွင့်တွေ ကိုရှင်းလင်းတာက မြို့အတွက် အန္တရာယ် ကင်းတာပေါ့။ ညဘက်တွေ လမ်းသွားလမ်းလာတွေ ဆိုင်ကယ်နဲ့သွားတဲ့အခါ အုပ်စုလိုက် ဝိုင်းလိုက်တာမျိုးနဲ့ကြုံဖူးတယ်။ ဒါပေမဲ့ ခွေးတွေကို ဒီလိုမျိုး အစာကျွေးပြီး ရှင်းလင်တာထက်စာရင် ဘေးကင်းကင်းနဲ့ တစ်ခြားနေရာတွေကို ပို့ဆောင်တာမျိုးလုပ်ရင် ပိုကောင်းတာပေါ့။ တစ်ဖက်ကလည်း ဒီခွေးလေးတွေက သနားဖို့ကောင်းတယ်”ဟု သူကပြောသည်။

စစ်တွေရှိ ခွေးလေခွေးလွင့်များအား သုတ်သင်ရာတွင် အိမ်မွေးခေးများနှင့် အလှမွေးခွေးများ ပါဝင်သွားမှုမရှိစေရန် ခွေးမွေးသူများအနေဖြင့် မိမိတို့၏ခွေးများကို အိမ်တွင် ထိန်းသိမ်းထားကြရန်လည်း မြို့နယ်စည်ပင်အဖွဲ့က တိုက်တွန်းထားသည်။

https://www.facebook.com/narinjara.info/posts/4630333870311987

Leave a Reply

Your email address will not be published.