စစ်တွေရှိ ကရုဏာရောင်ခြည် ပရဟိတသွီးအလှူရှင်များအသင်း ရုံးသစ်ဖွင့်လှစ်

By Narinjara/ 2021 August 29

သျှင်မင်းဇံ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ကရုဏာရောင်ခြည် ပရဟိတ သွီးအလှူရှင်များ၏ ရုံးသစ်အား ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းရုံးသစ်အား စစ်တွေလေယာဉ်ကွင်း အဝင်လမ်း အလိုတော်ပြည့်ကျောင်းရှေ့၌ ယနေ့ သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကရုဏာရောင်ခြည်သွီးအလှူရှင်များအသင်း၏ နာယက ဦးခိုင်မော်ကွန်းက “အခုက အသင်းရဲ့ တာဝန်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားဖို့ဖြစ်တဲ့အတွက် ဆရာတော်ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းရှေ့မြေလွတ်နေရာမှာ ယာယီရုံးသစ် တည်ဆောက်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်” ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါအသင်းကို အသင်းဝင်း ၁ဝ ဦးနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာများ၊ အခြားသော လူနာများအတွက် အရေးပေါ်လိုအပ်သည့် သွေးများကို တစ်ဖက်တစ်လမ်းက ကူညီဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော့်အသင်းက အရင်က သွေးလှူဖို့အတွက်ကို အဓိက ဆောင်ရွက်ပေးပေမဲ့လည်း အခုက တခြား ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေကို တတ်နိုင်သလောက်၊ လက်လှမ်းမှီသလောက် ဆောင်ရွက်ပေးနေပါတယ်။ အသင်းမှာကလည်း ရန်ပုံငွေကို အသင်းသားတွေရဲ့ လစဉ်ထည့်ဝင်ငွေနဲ့ လည်ပတ်နေတာပါ။ ကျနော်တို့က စစ်တွေအခြေစိုက်ဆိုပေမဲ့ အရေးပေါ်လိုအပ်ရင် ရခိုင်တစ်ပြည်လုံးမြို့နယ်တွေကို လက်လှမ်းမှီသလောက် ကူညီဆောင်ရွက်ပေးနေတဲ့အတွက် အခက်အခဲတော့ အများကြီးရှိပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အသင်း၌ အရေးပေါ်လူနာတင်ကား (Ambulance) တစ်စီးရှိပြီး လူအင်အားလည်း များလာသဖြင့် အထူးအရေးပေါ်လူနာများနှင့် သွေးအလှူရှင်များကို အကြိုအပို့ ရုံးသုံးယာဉ်တစ်စီး လိုအပ်နေသေးသည်ဟု ပြောသည်။

လက်ရှိတွင် အဆိုပါအသင်း၌ အသင်းသားစုစုပေါင်း ၁၀၀ ခန့်ရှိသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4633109156701125

Leave a Reply

Your email address will not be published.