By Development Media Group (DMG)/ August 12
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စက်ရုံရပ်ကွက်မှ အိမ်ထောင်စု ၃၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများကို MDF-Sittway အဖွဲ့က ယနေ့လှူဒါန်းခဲ့သည်။
“ဒီစက်ရုံစုရပ်ကွက်တွေမှာကျတော့ အခက်အခဲရှိတဲ့သူတွေက များတယ်။ လောလောဆယ် ကျနော်တို့လှူဒါန်းတာက တစ်အိမ်ထောင်ကို တန်ဖိုးအားဖြင့် ၁၅၀၀၀ နှုန်းနဲ့သတ်မှတ်ထားတယ်။ အခုတော့အိမ်ထောင်စု ၃၀၀ ကိုလှူဒါန်းနေတယ်”ဟု MDF-Sittway အဖွဲ့မှ ကိုကျော်မြတ်က ပြောသည်။
ယင်းသို့ပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုကို ဆန်တစ်တောင်းအိတ်တစ်အိတ်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဆား၊ အချို့မှုန့်၊ ကြက်သွန်၊ ဆေးဝါးနှင့် ကုန်းစိမ်းတို့ပါဝင်ကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့်ကိုဗစ်ကာလအတွင်း ဆင်းရဲနွမ်းပါးသူများ၊ အလုပ်အကိုင်မရှိသူများ၊ စားဝတ်နေရေးအခက်အခဲရှိသူများ၊ အခြေခံအလုပ်သမားများအတွက် စားသောက်ကုန်နှင့် ဆေးဝါးများလှူဒါန်းနိုင်ရန်အတွက် လူငယ် ၂၁ ဦးက MDF-Sittway အဖွဲ့ကို တည်ထောင်ထားခြင်းဖြစ်သည်။
လှူဒါန်းရာတွင် လူစုလူဝေးမဖြစ်ရစေရန်အတွက် Covid-19 စည်းကမ်းအညီ လူ ၁၀ ယောက်ချင်းတစ်စုစီကိုခေါ်ယူပြီး လှူဒါန်းနေကာ နောက်ထပ်လည်း အခြားနေရာများ၌ အခက်အခဲရှိသူများကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှသိရသည်။
https://www.facebook.com/dmgnewsagency/posts/2083501968468870