စစ်တွေမြို့ပေါ်က စစ်ရှောင်စခန်းများတွင် အခြေခံစားသောက်ကုန်များလိုအပ်နေ

By Development Media Group (DMG)/ August 18

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲရှိနေပြီး အခြေခံစားသောက်ကုန်များလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၃)ရှိ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် လူကယ်ပြန်ဌာနမှ ဆန်ထောက်ပံ့ပေးမှုတစ်ခုကိုသာရရှိပြီး အခြားသောအခြေခံစားသောက်ကုန်များအတွက် အခက်အခဲရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်တင်ဦးက DMG ကို ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သဖြင့်လည်း စစ်ဘေးရှောင်များမှာ အပြင်ထွက်ပြီး အလုပ်မလုပ်ရသဖြင့် အခက်အခဲရှိနေကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စားဝတ်နေရေးအခက်အခဲတွေဖြစ်နေကြတယ်။ ဆန်တစ်ခုတည်းနဲ့တော့ ဘာမှမလုံလောက်ဘူးဖြစ်နေတယ်။ WFP ကလည်း စစ်ဘေးရှောင်တွေကို လာရောက်ထောက်ပံ့ပေးမှုမရှိတာ ဒီလကုန်ရင်သုံးလပြည့်တော့မယ်။ စခန်းမှာရှိတဲ့သူတွေက ငတ်မွတ်သလိုဖြစ်နေကြတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မင်းပြား စသည့်မြို့နယ်များမှ အိမ်ထောင်စု ၁၁၀ ကျော်နှင့် လူဦးရေ ၄၀၀ ကျော်မှာ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံလျက်ရှိနေသည်။

အလားတူ မင်းဂံရပ်ကွက် အကွက်(၁)ရှိ ဥဿလင်းဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ဆန်ရိက္ခာတစ်ခုသာရရှိပြီး မီးဖိုချောင်းသုံးပစ္စည်းများ ပြတ်လပ်မှုရှိနေသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

“ကျနော်တို့စခန်းမှာကတော့ ဆန်ကတော့ လောလောအဆင်ပြေနေသေးတယ်။ ဒါပေမဲ့ တခြားဝယ်ယူပြီးစားသောက်ရတဲ့ မီးဖိုချောင်သုံးစားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ဟင်းချိုမှုန့်ကအစပြတ်လပ်နေပါတယ်” ဟု ပလက်မြို့နယ် စိမ်းညှင်းဝကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ကိုပြည်ကျော်ဝင်းက DMG ကိုပြောသည်။

ဥဿလင်းကျောင်းတိုက်တွင် ပလက်ဝမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူ အများဆုံးရှိနေပြီး အိမ်ထောင်စု ၅၁ စုနှင့် လူဦးရေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့အတူ စစ်ဘေးရှောင်ဦးရေ ၁၀၀ နီးပါးရှိသည့် ရွှေပြည်သာဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင်လည်း လက်ရှိကိုဗစ်ကာလတွင် စစ်ဘေးရှောင်များအလုပ်အကိုင်မရှိသဖြင့် စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ကျေးရွာအနီး မြန်မာစစ်တပ်က တပ်စွဲထားခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မိမိနေရပ်ကျေးရွာများသို့မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်ကျန်ရှိနေသေးသည်။

https://www.facebook.com/dmgnewsagency/posts/2088168558002211

Leave a Reply

Your email address will not be published.