စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများတွင် ရိက္ခာထောက်ပံ့မှုမရသည်မှာ ၃ လနီးပါးခန့်ရှိနေ

By Western News/ 2021 August 10

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများတွင် ရိက္ခာထောက်ပံ့မှုမရရှိသည်မှာ ၃ လနီးပါးခန့် ရှိနေပြီ စခန်းတွင်းနေထိုင်သည့် ဒုက္ခသည်များအနေဖြင့် စားရေးသောက်ရေးများအခက်ခဲဖြစ်နေရကြောင်း စခန်းတွင်း နေထိုင်သူများကပြောဆိုသည်။
စခန်းအားရိက္ခာထောက်ပံ့မှုမရသည့်အခြေနေနှင့်ပတ်သက်၍ ထောက်ပံ့မှုအမြဲပေးသော WFP အားဆက်သွယ် ကြည့်ရာတွင်လည်း ကိုဗစ်အခြေနေကြောင့်စခန်း အားလာရောက်နိုင်ခြင်းမရှိဟုပြောဆိုကြောင်း ဒါးပိုင်စခန်း တာဝန်ခံ ကိုကျော်တင် က Western News ကို ပြောသည်။

“ရိက္ခာထောက်ပံ့မှုမရတာက ၃ လလောက်ရှိနေပါပြီ။ အတော်အခက်ခဲဖြစ်နေကြပါတယ်။ အရင်ထောက်ပံ့တဲ့ WFP ကိုတော့ဆက်သွယ်ကြည့်တယ်။ သူတို့ကတော့ ကိုဗစ်အခြေနေကြောင့်လို့ပြောပါတယ်။ ထောက်ပံ့မှုတွေမရတော့ စားသောက်ရေးတွေကအဆင်မပြေပါဘူး” ဟုပြောသည်။

ထောက်ပံ့မှုများရပ်တန့်နေ၍ အကြွေးဝယ်ယူ၍တစ်မျိုး အလှူခံ၍တစ်ဖုံ စားသောက်နေထိုင်နေရကြောင်း လက်ရှိတွင် ကုန်ဈေးနှုန်းများလည်းအဆမတန် မြင့်တက်နေမှုအခြေအနေကြောင့် ဒုက္ခပိုဖြစ်နေရကြောင်း ဒါးပိုင်ကယ်ဆယ်ရေး စခန်းတွင်နေထိုင်သူ ကိုကျော်ဇေယျ ကပြောသည်။

“ထောက်ပံ့မှုမရတာ ၆ လပိုင်းလောက်ကတည်းကပါ။ သူတို့ကဆက်သွယ်တော့ ကိုဗစ်ကြောင့် ဘဏ်အခက်ခဲ ကြောင့်ဆိုပြီးပြောကြပါတယ်။ ကျနော်တို့အရမ်းဒုက္ခဖြစ်နေပါတယ်။ စားရေးသောက်ရေးအတွက် ဆိုင်တွေကအ ကြွေးတွေ ပတ်ဝယ်နေရပါတယ်။ အဲလိုဝယ်တာလည်းအရမ်းများလာတော့ အလှူခံထွက်စားရတာတွေရှိပါတယ်။ ခုကကုန်ဈေးနှုန်းတွေကလည်းတက်ဆိုတော့ အတော်လည်းအဆင်မပြေပါဘူး” ဟုပြောသည်။

အဆိုပါဒါးပိုင် ဒုက္ခသည်ကယ်ဆယ်ရေးစခန်းသည် လူဦးရေ ၁၄၀၀၀ ကျော်နှင့် အဆောင်ဖြင့်နေထိုင်သည့် အိမ်ထောင်စု ၁၄၄၈ စု၊ ယာယီတဲဖြင့်နေထိုင်သော အိမ်ထောင်စု ၅၄၂ စုရှိသော IDP Camp(ပြည်တွင်းနေရပ်စွန့်ခွာ သူ) ဒုက္ခသည်စခန်းတစ်ခုဖြစ်သည်။

သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းတွင်လည်း ဒါးပိုင်စခန်းကဲ့သို့ပင် ၃ လကြာ ရိက္ခာပြတ်လပ်မှုများရှိနေပြီး ထောက်ပံ့ ကူညီမှုများမရောက်ရှိခြင်းမှာ ကိုဗစ်အခြေနေကြောင့်ပင်ဖြစ်သည်ဟုသိရှိထားရကြောင်း စခန်းတွင်နေ ထိုင်သူ ကိုဦးတင်မောင် ကပြောသည်။

“ရိက္ခာမရတာကတော့ ၆ လပိုင်းလောက်ကနေစမရတော့တာပါ။ ရိက္ခာထောက်ပံ့နေကျတာဝန်ခံကို မေးကြည့် တော့ သက်ဆိုင်ရာအစိုးရက ကယ်ဆယ်ရေးစခန်းကိုသွားမယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားကြောင်း အထောက်ထားပြနိုင်မှ သွားခွင့်ရမယ်လ်ု့ပြောတယ်လို့ပြောထားတယ်တဲ့။ သူတို့မှာကာကွယ်ဆေး ၂ ကြိမ်ထိုးထား တာမရှိတာကြောင့် မလာနိုင်တာလို့ပြောပါတယ်” ဟုဆိုသည်။

ရခိုင်တွင် IDP Camp (ပြည်တွင်းနေရပ်စွန့်ခွာသူဒုက္ခသည်စခန်း) ပေါင်း ၁၄၀ ကျော်နှင့် လူဦးရေးအားဖြင့် ၂၀၀,၀၀၀ ကျော်ခန့်ရှိပြီး ဒါးပိုင်နှင့် သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းများအပြင် ၎င်းအနီးအနားရှိ ဘော်ဒူဗ၊ သဲချောင်း၊ ခေါင်းဒုက္က၊ ဆေးသမားကြီး၊ ဖွဲရာကုန်း၊ အုန်းတောကြီးနှင့် အုန်းတောချေ စသောဒုက္ခသည်ကယ် ဆယ်ရေးစခန်းများတွင်လည်း ရိက္ခာပြတ်လပ်မှုများရှိနေပြီး စားနပ်ရိက္ခာအခက်ခဲကြုံနေကြရကြောင်း ဆက်စပ်သူများကပြောဆိုကြသည်။

https://www.facebook.com/westernnewsagency/posts/347498100390034

Leave a Reply

Your email address will not be published.