စစ်တွေမြို့တွင် ရန်ကုန်ကရေလုပ်သားနှစ်ဦး အချင်းများရာမှလူသတ်မှုဖြစ်ပွား

By Narinjara/ 2021 August 12

အောင်ဇံ

စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း ဆိပ်ကပ် ထားသော MV -YE TUN AUNG အမည်ရှိ ကုန်တင်သင်္ဘော ပေါ်တွင် ယမန်နေ့ သြဂုတ် ၁၁ ရက်နေ့က ရန်ကုန်တိုင်းက ရေလုပ်သားနှစ်ဦး အချင်း များရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရားခံအား ဖမ်းဆီးရာတွင်ပါဝင်သည့် အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင် တစ်ဦးက” သေတာက လှိုင်ဝင်းထွဋ် (၃၀နှစ်)၊ တရားခံက ဟိန်းလတ်( ၂၀ နှစ်)ဖြစ်ပါတယ်။ လည်းပင်းပြတ်ရှ ဒဏ်ရာနဲ့ သေတာ။ နှစ်ယောက် လုံး ဗမာလူမျိုးတွေပါ”ဟု နိရဉ္စရာ သို့ပြောသည်။

ယနေ့ သြဂုတ်လ ၁၂ရက် နံနက်ပိုင်းက စစ်တွေမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက လမ်းမတော်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှုတို့နှင့်အတူ တရားခံကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တရားခံအားဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် လမ်းမတော်မြောက် အုပ်ချုပ်ရေးမှူးက ဦးမောင်လှဝင်းက ”သင်္ဘောသားအချင်းအချင်းဖြစ်ကြတာ။ မနေ့ညက ၁၁နာရီလောက်ထင်တယ်။အတိအကျတော့မ ပြောတတ်ဘူး။ ကျနော်တို့က မနက်လင်းမှ ရောက်သွားတာဆိုတော့။ရန်ကုန် တိုင်းက လူတွေ လို့တော့ပြောတယ်။ အသက် အငယ်ပိုင်းလေးတွေပါ။ သေသွားသူရဲ့ မိသားစုတွေကိုလည်း ရန်ကုန်ကနေ ခေါ်ထားတယ်လို့ကြားတယ်” ဟု ပြောသည်။

အဆိုပါ အခင်းဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရန် စစ်တွေမြို့ အမှတ်၂ နယ်မြေ ရဲစခန်းသို့ ဆက်သွယ်၍ မရသဖြင့် တစုံတရာ တင်ပြနိုင်ခြင်း မရှိသေးပါ။

https://www.facebook.com/narinjara.info/posts/4581218501890191

Leave a Reply

Your email address will not be published.