စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် အသံချဲ့စက်ဖြင့်ကြေညာ

By Narinjara/ 2021 August 7

အောင်ဇံ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် မြို့နယ်ထွေ/အုပ်က မြို့ပေါ် နေရာအနှံ့  တွင် ကားပေါ်အသံချဲ့စက်တင်ကာ လိုက်လံကြေညာနေကြောင်းသိရသည်။

စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးကျော်လွင်က ” ပြည်နယ်ကနေ အစည်းအဝေး ဆုံးဖြတ်ချက်ထွက်လာလို့ ဒေသခံ ပြည်သူတွေသိရအောင် ဆိုပြီးတော့ သိရှိလိုက်နာ နိုင်အောင် ကြေညာနေတာပါ။ လုံခြုံရေးအရ လိုအပ်တဲ့အခါမှာ စစ်မယ်ပေါ့၊ စစ်မှာပေါ့။ အဲ့လိုသဘောမျိုးပေါ့ ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဧည့်စာရင်းတိုင်ကြားမှု၊ စစ်ဆေးမှု မရှိသေးသော်လည်း မနေ့က ထွေအုပ် အစည်းအဝေးတွင် ဧည့်စာရင်းတိုင်ကြားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု စစ်တွေမြို့ လမ်း၊ လမ်းမတော်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

” မနေ့က အစည်းအဝေးမှာတော့ ဧည့်စာရင်း စစ်မယ်ဆိုပြီး ပြောတယ်။ ဘယ်နေ့စစ်မယ်ဆိုတာတို့၊ တခြားဘာမှ မပြောလိုက်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းမှူးတို့  သြဂုတ်လ ၅ ရက်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေး အတွက် နေ့/ည လှည့်ကင်းများ ဆောင်ရွက်မည်ဖြစ်သလို  ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိ စစ်တွေတွင် လုံခြုံရေး တိုးမြှင့်ချထားမှုများရှိသလို စစ်တပ်နှင့်ရဲပူးပေါင်းတပ်ဖွဲ့က ဆိုင်ကယ်နှင့် သွားလာသူများကို စစ်ဆေးမှုများရှိနေကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4565469443465097

Leave a Reply

Your email address will not be published.