စစ်တွေတွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးတည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံမှ မကြာမီရက်ပိုင်းအတွင်း အောက်စီဂျင်ထုတ်လုပ်နိုင်တော့မည်

By Development Media Group (DMG)/ August 11

Photo Crd – BMG Purified Drinking Water Page

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးမှတည်ဆောက်နေသည့်အောက်စီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်သည့်စက်အား စမ်းသပ်လည်ပတ်နေပြီဖြစ်ကာ လာမည့်ရက်ပိုင်းအတွင်း အောက်စီဂျင်များကို စတင်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

အောက်စီဂျင်စက်ရုံအတွက် လိုအပ်သည့်စက်ကိရိယာများကို ပြီးခဲ့သည့်ဇူလိုင်လက တရုတ်နိုင်ငံကမှာယူခဲ့ရာ လက်ရှိတွင် အဆိုပါစက်မှာ စစ်တွေကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် အောက်စီဂျင်ထုတ်လုပ်နိုင်ရန် စက်ကိုစမ်းသပ်နေပြီဖြစ်ကြာင်း BMG သောက်ရေသန့်လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းဦးက DMG ကိုပြောသည်။

“မနေ့ကစက်ရောက်တော့ စက်တွေကိုနေရာတကျချတယ်။ အဲဒီနေရာချတဲ့ကိစ္စတွေပြီးသွားတဲ့အခါ နေ့လယ်ပိုင်းက အကိုတို့စက်ကို စမ်းသပ်ကြည့်တာပေါ့။ မနေ့ကတစ်ရက်နဲ့ ဒီနေ့တစ်နေကုန် စက်ကိုစမ်းပြီးတော့ Run ကြည့်နေတယ်။ အောက်စီဂျင်ပေးနိုင်မယ်ဆိုရင် မနက်ဖြန်စတင်ပြီးပေးမယ်။ မနက်ဖြန်မရဘူးဆိုရင်လည်း နောက်နေ့တစ်ရက်စပြီးပေးမယ်ပေါ့” ဟု ဦးထွန်းထွန်းဦးကပြောသည်။

အဆိုစက်မှရရှိလာမည့်အောက်စီဂျင်များကို အဓိကလိုအပ်တဲ့နေသည့် ပရဟိတအဖွဲ့အစည်းများကို အခမဲ့လှူပေး၍သော်လည်းကောင်း၊ သင့်တင့်မျှတသည့်နှုန်းတစ်ခုဖြင့်သော်လည်းကောင်း သတ်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဆေးရုံများမှ အောက်စီဂျင်အရေးပေါ်လိုအပ်သည်ဟု အကြောင်းကြားလာပါကလည်း အခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေက လုပ်ငန်းအနေနဲ့သုံးမယ်ဆိုရင် ကျနော်တို့ ဆီကနေဝယ်သုံးလို့ရတယ်။ ပရဟိတအဖွဲ့အစည်းကျတော့ အလှူအားဖြင့်သော်လည်းကောင်း တစ်ခုခုသတ်မှတ်ပြီးတော့ သင့်တင့်မျှတတဲ့နှူန်းတစ်ခုခုနဲ့ ကျနော်တို့ပေးသွားမယ်။ တကယ်အခက်အခဲတွေဖြစ်နေရင်တော့ အခမဲ့ထောက်ပံ့ပေးသွားပါမယ်” ဟု ဦးထွန်းထွန်းဦးကပြောသည်။

စက်ရုံလည်ပတ်ရန်ခန့်ထားသည့် ဝန်ထမ်းများကို လစာပေးရမည့်အပိုင်းတွင် အခက်အခဲများရှိလာနိုင်သည့်အတွက် လုပ်ငန်းဆက်လက်လှည့်ပတ်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို သင့်တော်သည့်ဈေးနှူန်းတစ်ခုခုဖြင့် ရောင်းချသွားရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အောက်စီဂျင်စက်ရုံကို ၂၄ နာရီအပြည့်လည်ပတ်နိုင်မည်ဆိုပါက တစ်နေ့ကို ၄၀ လီတာဆံ့ အောက်ဆီဂျင်အလုံးရေ ၇၀ နှင့် ၈၀ ကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

BMG မှ အောက်စီဂျင်စတင်ထုတ်လုပ်နိုင်ပါက အထိမ်းအမှတ်အနေဖြင့် Oximeters အလုံး ၅၀ ကို လိုအပ်သူများအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည့်အတွက် မြို့နယ်တိုင်းလိုလိုတွင် ကိုယ်ထကိုယ်ထ အောက်စီဂျင်စက်ရုံများတည်ဆောက်ခြင်းနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကောက်ခံမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူလူနာစုစုပေါင်း ၃၃၄၃ ဦးရှိပြီး သေဆုံးသူ ၃၀၉ ဦးအထိရှိလာကာ ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူ ၅၀၄ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2082662291886171

Leave a Reply

Your email address will not be published.