စစ်တွေတွင်အလုပ်သမားကဒ်ထုတ်ယူမည့်နေရာ ဦးဥတ္တမပန်းခြံသို့ ရွှေ့ပြောင်းသော်လည်းလာထုတ်သူများ၍ လူစုလူဝေးဖြစ်ပြန်

By Narinjara/ 2021 August 10

သျှင်မင်းဇံ

အလုပ်သမားကဒ်(ခ) လေဘာကဒ် ထုတ်ယူသူများပြားလာသဖြင့် ထုတ်ယူမည့် နေရာကို စစ်တွေမြို့ ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန(လေဘာရုံး)မှ မြို့ထဲ ဦးဥတ္တမပန်းခြံခန်းမသို့ ယနေ့တွင်ပြောင်းရွှေ့ ထုတ်ပေးခဲ့သော်လည်း လူများသဖြင့် ထပ်မံလူစုလူဝေး ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

သို့အတွက် လေဘာထုတ်ယူရမည့်နေရာအား မနက်ဖြန် ဩဂုတ်လ ၁၁ ရက်နေ့မှ စ၍ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များက လာရောက် ထုတ်ယူသူများကို ခိုင်သဇင်ပန်းခြံ ခန်းမ၌ လည်းကောင်း၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ပေါက်တောမြို့နယ်တို့က လာရောက်သူများကို ဦးဥတ္တမပန်းခြံ၌ လည်းကောင်း နေရာနှစ်ခုခွဲ၍ ထုတ်ယူရန် စီစဉ်လိုက်သည်ဟု သိရသည်။

အလုပ်လက်မဲ့ဦးရေ တစ်နေ့ထက် တစ်နေ့ တိုးများလာနေသော ရခိုင်ပြည်နယ်တွင် လက်ရှိ အိမ်စောင့်အစိုးရက ခေါ်ယူနေသော အလုပ်များကို လျှောက်ထားရန် လေဘာကဒ်လိုအပ်နေရာ ထုတ်ယူသူများပြားနေသဖြင့် ကိုဗစ်ကာလ လူစုလူဝေးထပ်မဖြစ်အောင် နေရာခွဲပြီးထုတ်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ၎င်းရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

ယနေ့ ဦးဥတ္တမခန်းမထဲတွင် လေဘာလာထုတ်သူများနှင့် ပြည့်နှက်နေသည် သာမက ခန်းမပြင်ပ၊ ပန်းခြံဝင်းထဲနှင့် ဦးဥတ္တမပန်းခြံရှေ့ လမ်းမပေါ်တွင်လည်း လူများပြားနေကြောင်း၊ မိုးရွာသော်လည်း လေဘာကဒ် လာရောက် ထုတ်ယူသူ စုစုပေါင်း ၁၀၀၀ နီးပါးခန့် ရှိကြောင်း ၎င်းကပြောကြားသည်။

နှစ်ရက်ဆက်တိုက် ကိုယ်စားလာထုတ်သူ ကိုဝင်းမောင်က ” မနေ့ကလည်း လေဘာလာထုတ်တာ ၁၁ နာရီ ထိုးသွားလို့ မရလိုက်ဘူး။ တစ်နာရီ ထပ်လာ ဆိုလိုလည်း သွားတယ်။ မရခဲ့ပြန်ဘူး။ အခု ဦးဥတ္တမ ပန်းခြံမှာ လာထုတ်တာ မရသေး။ လူတွေကတော့ မြင်တဲ့ အတိုင်းပါပဲ။ ခန်းမထဲမှာလည်း အပြည့်ဘဲ။ ပန်းခြံထဲမှာလည်း ဟိုနေစုစု ဒီနေရာစုစု မိုးခိုနေကြတာ အများကြီးဘဲ။ ကျနော်တို့ ပန်းခြံရှေ့ စောင့်နေကြတဲ့ သူတွေကလည်း လူပေါင်း ၂၀၀ ကျော် ၃၀၀ ရာလောက်ရှိတယ်ဗျာ” ဟု ပြောသည်။

အစိုးရအလုပ်လျှောက်ရာတွင် အဆိုပါ အလုပ်သမားကဒ်ရှိမှ အသိအမှတ် ပြုသဖြင့် ထိုအလုပ်သမားကဒ်ကို လာရောက်ထုတ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်လျှောက်ရန်အတွက် လေဘာကိုယ်စားလာထုတ်သူ ကိုထွန်းထွန်းက “ကျနော်က မောင်တောက ညီတွေအသိတွေ အကူအညီတောင်းလို့ လေဘာကိုယ်စား လာထုတ်တာပါ။ ၁၀ ယောက်အတွက်ပေါ့။ သူတို့တွေက ကိုဗစ်ကြောင့် ရွာကထွက်မရဘူးလို့ပြောတယ်။ အခုကျနော်လည်း ထုတ်ဖို့ အခက်အခဲဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ထုတ်ပေးမဲ့ သူတွေက ဦးဥတ္တမခန်းမထဲမှာ ဝင်ပြီး တန်းစီရတယ်။ ကျနော် မဝင်လိုက်ရဘူး။ အခု ခန်းမထဲမှာ လူတွေ ပြည့်သွားပြီ”ဟု ပြောသည်။

ယခုလို ကိုဗစ်ကာလတွင် လူစုလူဝေးဖြစ်နေသည့် အပေါ် ကျန်းမာရေးအရ စိုးရိမ်စရာရှိကြောင်း၊ သို့သော်လည်း ရခိုင်တွင် အလုပ်အကိုင် ရှားပါးနေသည့် အတွက် အလုပ်တစ်ခုရမည်ဆိုလျှင် ကိုဗစ်ကိုလည်း ဂရုမစိုက်နိုင်ဘဲ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း၊ ယခုလူအုပ်ကို ကြည့်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ အလုပ်အကိုင်ရှားပါးမှူ ပြဿနာကို မြင်တွေ့နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

နောက်ထပ်လေဘာလာထုတ်သူ ပုဏ္ဏာကျွန်းမြို့နယ် ပြိုင်းတောင်ကျေးရွာက မဆန်းဆန်းဝေက” ကျမက ကျန်းမာရေးဌာနမှာ ကြီးကြပ် ၂ လျှောက်မှာပါ။ ဘာလို့လျှောက်တာလည်းဆိုတော့ ကြိုက်လို့မဟုတ်ဘူး။ ခေါ်တဲ့အလုပ်ကို ဝင်လျှောက်တာပါပဲ။ အလုပ်လက်မဲ့ဖြစ်နေတယ်။ အလုပ်မရှိတော့ ကိုယ့်အတွက်လည်း မကောင်း၊ မိသားစုအတွက်လည်း မကူညီနိုင် ဖြစ်နေလိုပေါ့။ အခု အလုပ်လျှောက်ဖို့အတွက် လိုအပ်တဲ့ လေဘာ (အလုပ်သမားကဒ်)တောင် မရသေးဘူး” ဟု ပြောသည်။

ယမန်နေ့ ဩဂုတ် ၉ ရက်နေ့ကလည်း စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ လေယာဥ်ကွင်းဆင်းလမ်း အနီးတွင် တည်ရှိသည့် ရွှေပြောင်းအလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန (လေဘာရုံး)တွင် လေဘာကဒ်များ ထုတ်ပေးခဲ့သော်လည်း လူများသဖြင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4574142222597819

Leave a Reply

Your email address will not be published.