By Development Media Group (DMG)/ August 26
ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာများအတွက် COVID -19 Call Center ကို စစ်တွေမြို့တွင် ဖွင့်လှစ်ပေးထားကြောင်း ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက DMG သို့ ပြောသည်။
မိမိတို့နေအိမ်တွင် လူတစ်ဦးနေထိုင်မကောင်းဖြစ်ပါက Call Center ဖုန်းနံပတ်ဖြစ်သည့် (09779778880)သို့ ဆက်သွယ်ကာ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ထားပြီး ဆရာဝန်တစ်ဦးဖြင့် လူနာအများအပြားကို ကူညီကုသပေးနိုင်ရန်ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။
“အဲ့ဒီမှာ ဆရာဝန်တစ်ယောက်ကို တာဝန်ပေးထားမယ်။ ပြီးရင် ဖုန်းဆက်လာတဲ့သူတွေကို ဖုန်းနဲ့ ညွှန်ကြားစရာရှိတာတွေကို ညွှန်ကြားမယ်။ Home Quarantine နေလို့ရတဲ့သူဆိုရင် ဆေးရုံမှာ လိုအပ်တဲ့ဆေးကိုထိုးပြီးရင် သူတို့ကိုအိမ်မှာပဲနေခိုင်းမယ်။ Home Quarantine နေလို့အဆင်မပြေတဲ့လူတွေဆိုရင်တော့ သူ့ကိုဆေးရုံမှာခေါ်ပြီး ကုသပေးသွာမှာပဲဖြစ်ပါတယ်” ဟု ဦးလှသိန်းကပြောသည်။
ယင်းသို့အိမ်တွင်း Home Quarantine နေထိုင်စဉ်ကာလတွင် လိုအပ်သည့်ဆေးများရှိပါက အိမ်မှမိသားစုဝင်များကို ဆေးရုံသို့ လာရောက်ယူဆောင်စေမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ကောင်စီ၏ ပြန်ကြားရေးစာမျက်နှာတွင်လည်း စစ်တွေပြည်သူ့ဆေးရုံကြီးတွင် Call Center ဖွင့်လှစ်ထားကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိ၏ကျန်းမာရေးကိုဆွေးနွေအကြံဉာဏ်ရယူနိုင်ပြီး ကိုဗစ်ရောဂါနှင့်ပတ်သက်၍လည်း ဖြေကြားပေးကြောင်း ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာ Call Center များမရှိသေးသည့်အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်းမှာ ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။
“အခုလို ရခိုင်ပြည်နယ်မှာ ပထမဆုံး ကျန်းမာရေးဆိုင်ရာ Call Center တစ်ခုပေါ်လာတာ ကောင်းမွန်တဲ့ကိစ္စပါ။ ဒီလိုမျိုးကိစ္စကို ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူတွေဆီရောက်အောင် ဘယ်လိုမျိုး အသိပေးတာတွေလုပ်မလဲဆိုတာကလည်း အရေးပါပါတယ်”ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ Call Center ဖွင့်လှစ်ထားခြင်းကို ကျေးလက်ဒေသမှပြည်သူများသို့ အသိပေးရန်လိုအပ်ကြောင်း တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျေးရွာမှ ဦးချစ်ကျော်ကပြောသည်။
“ကျွန်တော်တို့ဆီကို သက်ဆိုင်ရာကလည်း ဘာမှလာပြောပြတာတွေမရှိသေးဘူး။ ဟိုတခါ Facebook ပေါ်မှာတော့ မြင်မိသလိုတော့ရှိတယ်။ ဒါပေမယ့် အသေချာမမှတ်မိလိုက်ဘူး။ ဒီလိုကိစ္စကို ကျွန်တော်တို့လို ကျေးလက်ဒေသကလူတွေသိအောင်လည်း ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာနှင့် သေဆုံးလူနာများမှာ တဖြည်းဖြည်းလျော့ကျလာနေပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ ပိုးတွေ့လူနာ ၃၉၁၇ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၃၂၅၆ ဦးနှင့် သေဆုံးသူ ၃၇၇ ဦးထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။
https://www.facebook.com/dmgnewsagency/posts/2094142710738129