စစ်တပ်စခန်းချထားသည့် မင်းပြား ရာမောင်တောင်တန်းမှ ပေါက်ကွဲသံထွက်ပေါ်

By Western News/ 2021 August 28

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အဝရွာကျေးရွာအုပ်စု ၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးအနီးရှိ မြန်မာစစ်တပ် စခန်းချထားသည့် ရာမောင်တောင်တန်းခမောင်းတောကျော်လမ်းမှ ယနေ့သြဂုတ်လ ၂၈ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်က ပေါက်ကွဲသံကျယ်လောင်စွာတစ်ခုထွက်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါတောင်တန်းမှာ ကားလမ်းမကြီးနှင့် ၃ ဖာလုံဝေးပြီး မင်းရွာကျေးရွာနှင့် ဆိုလျှင် ၄ ဖာလုံခန့်ကွာဝေးကြောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့နောက် မီးခိုးများစွာထွက်ပေါ်လာခဲ့သည်ကို မြင်လိုက်ရသည်သဖြင့် မိုင်းပေါက်ကွဲသည်ဟု ယူဆကြောင်း အဝရွာကျေးရွာအုပ်စု‌ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးမြတ်ထွန်းကပြောသည်။

“ ပေါက်တာက တစ်ကြိမ်တည်း။ အသံကတော့ အရမ်းကျယ်ကျယ်ကြားလိုက်ရတယ်။ မီးခိုးတွေလည်း ထွက်သွားတယ်။ ကျွန်တော်တို့ကတော့ မိုင်းပေါက်တာလို့ထင်တယ်။ အဲဒီတောင်ကုန်းမှာဆိုရင် မြန်မာစစ်သား တွေစခန်းချလို့ရှိတယ်။ တစ်နှစ်လောက်ရှိပြီ”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါ ခမောင်းတောဝက်ကြိုင်တောင်တန်းပေါ်၌ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် မင်းပြားမြို့မှ တပ်ရင်း ၅၄၁၊ ၃၇၉၊ ၃၈၀ တို့မှာ ၎င်းတောင်တန်းပေါ်တွင် စခန်းချနေရာယူထားသည်မှာ ယခုအချိန်ထိဖြစ်သည်ဟု ဒေသခံများကပြောဆိုကြ သည်။

ယင်းအပြင် ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီးနောက် မြန်မာစစ်သားတချို့သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေ ရသည်ဟု မြစ်နားကျေးရွာမှ ရာအိမ်မှူးဦးမောင်လှပြည့်ကပြောသည်။ အလားတူ ခမောင်းတောတောင်ကုန်းနှင့် တစ်မိုင်ခွဲခန့်‌ကွာဝေးသည့် မင်းပြားမြို့နယ် ထုံချေကျေးရွာမှ ဦးမောင်သာထွန်းကလည်း မိုင်းပေါက်ကွဲသံကို ကျယ်လောင်စွာကြားလိုက်ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ဝ ရက်နေ့က မင်းပြားမြို့ အရှေ့မြောက်ပိုင်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်က ၎င်းအနေနှင့် မသိရှိကြောင်း ဆိုသည်။ အလားတူ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး စစ်တွေ- အမ်း ကားလမ်းမကြီး တလျောက်နှင့် ရသေ့တောင် အငူမော်လမ်းတစ်လျှောက်တွင် မိုင်းရှင်းလင်းရေးပြုလုပ်ပေးခဲ့ သော်လည်း တောတောင်များကိုမှုရှင်းလင်းမှုမပြုလုပ်ခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/359241359215708

Leave a Reply

Your email address will not be published.