ငပလီတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

By Narinjara/ 2021 August 25

သဥ္ဇာနွယ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသောသူမှာ ဂွမြို့နယ် ကျိန္တလီမြို့မှ ကိုဇော်မင်းထွန်း (၂၄ နှစ်)ဖြစ်သည်။

သူ၏အလောင်းအား ငပလီမြို့၊ မြပြင်ရပ်ကွက်မှ ၁ မိုင်ခွဲခန့်ဝေးသည့် မြို့ရှောင်လမ်းတွင် သြဂုတ်လ ၂၅ ရက် နံနက် ၉ နာရီခွဲက ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက နိရဥ္စရာသို့ အတည်ပြုပြောသည်။

“ကျနော်တို့ရပ်ကွက်က ဦးမောင်မောင်က တောသွားခုတ်ရင်း လူတစ်ယောက်လဲနေတာတွေ့လို့ကျနော့်ကိုအကြောင်းကြားတယ်။ ကျနော်တို့သွားကြည့်တော့ သူကသေနေပြီ။ ဓားဒဏ်ရာတွေအများကြီးနဲ့ အူတွေလည်းထွက်နေတယ်။ လည်ပင်းမှာလည်း ဓားနဲ့လှီးထားတယ်”ဟု ပြောသည်။

သေဆုံးသွားသောသူ၏ရင်ဝတွင် ဓားဒဏ်ရာ ၃ ချက်ပါရှိသည်ကိုလည်း တွေ့ရသည်ဟု သူက ဆက်ပြောသည်။

သံတွဲမြို့မှ မြရတနာ နာရေးကူညီမှုအသင်းအဖွဲ့ဝင်တစ်ွဦးကလည်း ” ကျနော်တို့အသင်းကို ဖုန်းဆက်ပြီးအကြောင်းကြားတာကတော့ မနက် ၁၀ နာရီလောက်က။ ကျနော်တို့ အလောင်းကို သံတွဲခရိုင်ဆေးရုံကိုပို့ပေးခဲ့တယ်။”ဟု ၎င်းကပြောသည်။

ယခုအလောင်းတွေ့ရှိမှုမှာ ဟုတ်မှန်ပြီး သေဆုံးသူနှင့်ပတ်သက်သည့်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း ငပလီမြို့ရှိ ဂျိတ္တောရဲစခန်းမှ သိရသည်။

https://www.facebook.com/narinjara.info/posts/4620661017945939

Leave a Reply

Your email address will not be published.