ဂွမြို့မှ သံတွဲမြို့သို့ အောက်ဆီဂျင်သွားယူသည့် လူမှုကူညီရေးယာဉ်နှင့် ကရိန်းယာဉ်တို့တိုက်မိ

By Development Media Group (DMG)/ August 17

ဂွမြို့နဟ် ပြည်သူ့ဆေးရုံအတွက်လိုအပ်သည့်အောက်ဆီဂျင်ကို သံတွဲမြို့သို့ သွားရောက်ယူဆောင်သည့် ဂွမြို့ ရွာမရပ်ကွက် သာရေးနာရေးအသင်းမှယာဉ်အား ကျားကိုက်ကျေးရွာအနီးတွင် သြဂုတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက ကရိန်းယာဉ်တစ်စီးမှ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မျက်နှာချင်းဆိုင်လာသည့် ကရိန်းယာဉ်၏နောက်ပိုင်းနှင့်ချိတ်မိကာ သာရေးနာရေးအသင်းယာဉ် ပျက်စီးသွားခဲ့ပြီး ကရိန်းယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဂွမြို့နယ် ထာဝရမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

“ကျနော်တို့က ကျားကိုက်ရွာနားလေးကအကွေ့မှာ ဘေးကိုချပေးတာ၊ သူတို့က တည့်တည့်မောင်းချလာတော့ အပေါ်ကဝိတ်နဲ့ဆိုတော့ ဘေးမချဘဲ သူတို့ခေါင်းနဲ့ဆွဲပြီးတင်လိုက်တဲ့အခါမှာ အဲဒီယာဉ်ရဲ့နောက်ပိုင်းနဲ့ ကျနော်တို့ကားအခေါင်းနဲ့ချိတ်မိပြီး ရိုက်ချသွားတာ”ဟု ရွာမရပ်ကွက်သာရေးနာရေးအသင်းမှ ယာဉ်မောင်း ဦးစိုးနိုင်ကပြောသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဂွမြို့မှ သာရေးနာရေးယာဉ်မှာ ပျက်စီးမှုအချို့ရှိခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသူများမှာ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဂွမြို့တွင်ရှိနေသည့် လူမှုကူညီရေးအသင်းများအနေဖြင့် အောက်ဆီဂျင်သယ်ယူရေးအတွက် အလှည့်ကျလုပ်ဆောင်နေကြခြင်းဖြစ်ကာ ယနေ့တွင် ရွာမရပ်ကွက်အသင်းမှအလှည့်ကျ၍ အောက်ဆီဂျင်သွားယူခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွာမရပ်ကွက်သာရေးနာရေးအသင်း၏ယာဉ်မှာ ပျက်စီးနေသဖြင့် အောက်ဆီဂျင်သယ်ယူရန် အခြားယာဉ်တစ်စီးအား အကူအညီတောင်းထားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးမောင်းနှင်သွားခဲ့သည့် ကရိန်းယာဉ်နှင့် ယာဉ်ပေါ်ပါသူများကိုမူ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာတွင် ရွာသားများကဖမ်းဆီးကာ ယာဉ်ထိန်းရဲထံအပ်နှံလိုက်ကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2087405378078529

Leave a Reply

Your email address will not be published.