ဂွတွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို မလိုက်နာသူ (၃)ဦးအား ဖမ်းဆီးအရေးယူ

By Narinjara/ 2021 August 28

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်စည်းကမ်းကိုမလိုက်နာသူ (၃)ဦးအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးအရေးယူခံရသူ (၃)ဦးမှာ ဂွမြို့နယ် ရဟိုင်းကူးတို့ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် ဂွမြို့နယ် ဒေါင်ချောင်းကျေးရွာသို့ ခေတ္တရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား (၂)ဦးတို့ဖြစ်ကြသည်။

၎င်းတို့အား သြဂုတ်လ ၂၇ ရက်နေ့ မွန်းတည့်ပိုင်းက ဂွမြို့တွင် သက်ဆိုင်ရာကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့နယ် ထာဝရမေတ္တာ နာရေးကူညီမှုအသင်းမှ ကိုကျော်မြင့်မောင်က နိရဥ္စရာကို ပြောသည်။

“စည်းကမ်းမလိုက်နာလို့ ခုလို ပြစ်ဒဏ်ပေးတာပါ။ သူတို့ကိုတော့ သက်ဆိုင်ရာဌာနက လူတွေ ဖမ်းသွားတယ်”ဟု က နိရဥ္စရာသို့ အတည်ပြုပြောသည်။

ဖမ်းဆီးခံထားရသည့် ရဟိုင်းကူးတို့ကျေးရွာမှ အမျိုးသားကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား ၂ ဦးကို ပြစ်ဒဏ်ချမှတ်ရန် ရက်ရွှေ့ဆိုင်းထားသည်ဟု သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဂွမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ အများဆုံးဖြစ်လာနေသည့်အတွက် ဒေသန္တရအမိန့်ကို ဂွမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါအမိန့်ထုတ်ပြန်ချက်တွင် ဂွမြို့နယ်အတွင်း နေထိုင်သူများကို နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ဈေးဝယ်ခွင့်ပြုသွားမည်ဖြစ်ပြီး ကျန်အချိန်များတွင် တာဝန်၊ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝ (လုံးဝ)မပြုလုပ်ရန်၊ မြို့နယ်အတွင်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ဈေးရောင်းချခြင်းပြုလုပ်သွားရန် ဖော်ပြထားသည်။

ဤအမိန့်အား မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဟုလည်း ဆိုထားသည်။

https://www.facebook.com/narinjara.info/posts/4629405553738152

Leave a Reply

Your email address will not be published.