ဂျပန်နိုင်ငံတွင်ကျင်းပမည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ တိုင်းရင်းသားခေါင်ဆောင်များအား ဖိတ်ကြားထား

By Narinjara/ 2021 August 30

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် (၈၂) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားထားသည်ဟု သတင်းရရှိသည်။

ဆရာတော် ဦးဥတ္တမ အခမ်းအနားကို ရခိုင်အမျိုးသား ဒီမိုကရက်တစ် ပါတီ(ဂျပန်)မှ ဦးဆောင်ပြီး စက်တင်ဘာ ၁၂ ရက်နေ့တွင် ညနေ ၅ နာရီမှ ည ၈ နာရီထိ တိုကျိုမြို့ Minamii Otsuka Hall တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့မှာ စက်တင်ဘာ ၉ ရက်နေ့ ဖြစ်သော်လည်း ရုံးဖွင့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် လူတိုင်းပါဝင်တက်ရောက်နိုင်ရည်ရွယ်၍ အားလပ်ရက် တနင်္ဂနွေနေ့ စက်တင်ဘာ ၁၂ ရက်တွင် ကိုဗစ် စည်းကမ်းနဲ့ အညီ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ပြန်ကြားရေးမှူး ကိုထက်လင်းအောင်က ပြောသည်။

“ ဆရာတော် ဦးဥတ္တမနေ့ကို ယခုလို ကျင်းပခြင်းက သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသရာလည်း ရောက်ပါတယ်။ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတ်အား သလောက် ပါဝင်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်” ဟု ပြောကြားသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်နေစဉ် မြန်မာတစ်မျိုးသားလုံး ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် အင်္ဂလိပ်နယ်ချဲ့တို့အား ဆန့်ကျင် တော်လှန်ရန် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်သာမက အင်္ဂလိပ်တို့အား မကြောက်တရားများ လှုံ့ဆော် ရေးသား ဟောကြားမှုကြောင့် ထောင်အကြိမ်ကြိမ် ချခံခဲ့ရသည့် ရဟန်းတော်တစ်ပါးဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4635402499805124

Leave a Reply

Your email address will not be published.