ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာသို့ စစ်တပ် ဝင်ရောက်လာ၍ ဒေသခံတချို့တိမ်းရှောင်နေရ

By Western News/ 2021 August 27

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအတွင်းသို့ ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့က မြန်မာစစ်တပ်မှ စစ်ကြောင်းတခု ဝင်ရောက်လာ၍ ဒေသခံတချို့တိမ်းရှောင်နေရကြောင်း ကျေးရွာတာဝန်ရှိသူများကပြောသည်။

သိုင်းချောင်းကျေးရွာအတွင်းဝင်ရောက်နေထိုင်နေသည့် စစ်ကြောင်းမှာ ကျောက်ဖြူမြို့ ခလရ ၃၄ တပ်ရင်းမှဖြစ်ပြီး ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီခန့်ကဝင်ရောက်လာကာ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင်နေထိုင်နေကြ ကြောင်း သိုင်းချောင်း‌ကျေးရွာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့က ၃၄ တပ်ရင်းကလို့ပြောတယ်။ အင်အားကတော့ ၇၀ လောက်ရှိမယ်ထင်တယ်။ ဘုန်ကြီးကျောင်းဓမ္မာရုံနဲ့ စာသင်ကျောင်းတွေမှာနေကြတယ်။ တချို့ကယူနီဖောင်းတွေဝတ်ထားတယ်။ တချို့က အရပ်ဝတ်တွေနဲ့နေကြတယ်။ စစ်ဆေးတာတွေတော့မရှိဘူး” ဟုပြောသည်။

အဆိုပါစစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကျေးရွာသားတချို့မှာကြောက်လန့် တိမ်းရှောင်နေရပြီး ကျောင်းဆရာ/ဆရာမ အင်အားနှင့် ကျောင်းသားစာရင်းများကိုလည်းမေးမြန်းမှုရှိကြောင်း သူကဆက်ပြောသည်။

စစ်တပ်က ကျေးရွာများကိုဝင်ရောက်နေခြင်းမှာ တပ်ပိုင်းဆိုင်ရာအရလှုပ်ရှားမှုများသာဖြစ်ပြီး စစ်ပွဲကိုဦးတည်စေသည့် လှုပ်ရှားမှုမျိုး မဖြစ်နိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်‌ဟောင်း ဦးဖေသန်းကပြောသည်။

“သူတို့က တပ်လှုပ်ရှားမှုတစ်ခုအနေနဲ့ လှုပ်ရှားနေတာပဲဖြစ်မယ်။ အမ်းမြို့နယ်ဖက်မှာလည်း တချို့ကျေးရွာတွေမှာ တစ်ရက်၊ နှစ်ရက် တပ်စွဲနေထိုင်တာတွေရှိတယ်။ လှုပ်ရှားမှုလည်းမရှိဘဲပြန်ထွက်သွားကြတယ်ဆိုတော့ နယ်မြေစိုးမိုးတယ်ဆိုတဲ့ဟာကို ပြချင်တဲ့သဘောလား ဒါမှမဟုတ် အထက်အရာရှိတွေက လှည့်ခိုင်းလို့လား ဒီလိုပဲ ဖြစ်ဖို့များပါတယ်။ AA နဲ့ စစ်ရေး ပြင်ဆင်မှုတော့ မဖြစ်နိုင်ဘူး။ ဖမ်းဆီးတာတွေလည်း သိပ်မတွေ့ရဘူး။ ချုပ်ပြောရရင်တော့ သူတို့တပ်ရေးလှုပ်ရှားမှုတဲ့အနေနဲ့ လှုပ်ရှားတာပဲရှိမယ်။ စစ်ပွဲကိုဦးတည်တဲ့ ကြိုတင်ပြင်ဆင်တဲ့ပုံစံနဲ့ လှုပ်ရှားတာတော့ မတွေ့ရဘူး”ဟုပြောသည်။

သိုင်းချောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်ရောက်နေသည်ကို လူမှုကွန်ရက်များတွင် တွေ့နေရကာ စစ်တပ်က လူ့ခွင့်အရေးချိုးဖောက်မှု ရှိ မရှိကို မပြောနိုင်ကြောင်းကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဘရှိန်ကပြောသည်။

အဆိုပါ မြန်မာစစ်ကြောင်းဝင်ရောက်နေမှုနှင့်ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စိုးအား ဆက်သွယ်ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအား မေးရန်ပြောဆိုပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာတွင် သိုင်းချောင်းကျေးရွာအတွင်းသို့ မြန်မာစစ်ကြောင်း ဝင်ရောက်မှု ရှိ၊ မရှိကို သူ့အနေဖြင့်မသိရှိဘဲ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား မေးရန်ပြောဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ဇိုင်ချောင်းကျေးရွာအတွင်းသို့ မြန်မာစစ်ကြောင်းတစ်ခုဝင်ရောက်ကာ ကျေးရွာသား ၁၅၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ၁၂ ရက်ကြာမှ ပြန်လွတ်ပေးခဲ့သည်။

သိုင်းချောင်းကျေးရွာတွင် အိမ်ထောင်စု ၁၉၀ ခန့်ရှိပြီး လူဦးရေ ၇၀၀ ရှိကာ ကျောက်ဖြူမြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည်။

https://www.facebook.com/westernnewsagency/posts/358624045944106

Leave a Reply

Your email address will not be published.