By Narinjara/ 2021 August 6
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်ကူးစက်ခံထားရသော အသက် ၃၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားပြီးနောက် သေဆုံးသွားသည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၅ ရက်နေ့၊ ည ၈ နာရီအချိန်တွင် ကျောက်ဖြူဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူနာရေးကူညီမူအသင်းအဖွဲ့ဝင် ကိုဂျပန်ကြီးက ပြောသည်။
“မနေ့က ညနေ ရေမွှာပေါက်သွားတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးက အောက်စီဂျင်လည်း ၈ဝ အောက်ထိုးကျနေတယ်။ ကလေးကို အသက်လုပြီး ခွဲမွေးပြီးတဲ့အချိန်မှာ သူဆုံးသွားတယ်။ ကလေးကိုတော့ ဆေးရုံမှာအောက်စီဂျင်ပေးပြီး ထားထားတယ်။”ဟု နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောသည်။
သေဆုံးသွားသူသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆေးရုံတက်လာပြီးနောက် ကိုဗစ်ပိုးစစ်ကြည့်ရာမှ Positive တွေ့ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ကျောက်ဖြူမြို့နယ်ဆရာဝန်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ရခိုင်ပြည်နယ်တွင် ယနေ့ သြဂုတ်လ ၆ ရက်နေ့အထိ ကိုဗစ်ကြောင့် ကိုယ်ဝန်အရင့်အမာဖြင့်သေဆုံးသူ ၄ ဦးအထိရှိလာနေပြီဖြစ်သည်။
၎င်းတို့မှာ မင်းပြားတွင် ၁ ဦး၊ စစ်တွေတွင် ၁ ဦး၊ မောင်တောတွင် ၁ ဦးနှင့် ယခု ကျောက်ဖြူတွင် ၁ ဦးတို့ဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4561680413844000