By Western News/ 2021 August 20
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့မဈေးကြီးဘက် ကုလားတန်(ကစ္ဆပနဒီ)မြစ်ကမ်းဘေးတစ်လျှောက်တွင် အနီးအနား နေထိုင်သူများမှ အမှိုက်များကို မြစ်ထဲသို့ စည်းကမ်းမဲ့စွာစွန့်ပစ်မှုများပြားနေကြောင်း ဒေသခံများကပြောသည်။
အဆိုပါနေရာမှာ ဈေးနှင့် အနီးဆုံးနေရာတစ်ခုဖြစ်ရာ ဈေးထွက်အမှိုက်များကို မြစ်ထဲသို့အလွယ်တကူပစ်ချနေကြ ကြောင်း စည်ပင်မှအမှိုက်များကိုလာရောက်သိမ်းဆည်းမှုများရှိသော်လည်း မြစ်ထဲသို့ပစ်ချခြင်းမှာ ရှိနေမြဲဖြစ် ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသန့်ဇင် ကပြောသည်။
“အဲဒီကမ်းနားမှာအမှိုက်ကတော့ ပစ်နေကြတာပါပဲ။ ဈေးကရော အဲဒီအနီးအနားကလူတွေရောပါပဲ။ အဲဒီနားကို စည်ပင်ကားလည်းရောက်တယ်။ ဒါပေမယ့် အမှိုက်ကတော့ မြစ်ကမ်းဘေးကို ပစ်ချနေကြမြဲပါပဲ။ အရင်တုန်းကဆို မြစ်နားမှာ ယာယီဈေးချထားတော့ စည်ပင်ကားက မြစ်ကမ်းဘေး ကသွားမရဘူး။ ကားက တစ်ခြားတစ်ဖက် ကသွားရတော့ အဲဒီပတ်ဝန်းကျင်ကလူတွေက အနီးနားကမြောင်းတွေမှာရော မြစ်ကမ်းမှာပါ ဒီအတိုင်းပစ်ချလိုက် ကြတာ” ဟုပြောသည်။
ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် ကိုမင်းထက်ကလည်း မြစ်ကမ်းအနီးတွင်နေထိုင်သည့် လူတစ်ချို့မှာ အမှိုက်ပုံးသို့မထည့်ဘဲ မြစ်ထဲသို့သာပစ်ချကြကြောင်း စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းမှာ ပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ကို သိသိရင်းဖြင့်ပင် လုပ်သောသူများလည်းရှိကြောင်း ပြောသည်။
“အဲဒီမြစ်နားမှာ ပြောမရဆိုမရ ဒီအတိုင်းပဲအမှိုက်ပစ်နေကြတာဗျ။ ဈေးကလူတွေလည်းပစ်တယ် အနီးနားကလူ တွေကလည်းပစ်တယ်။ အမှိုက်ပုံးတွေလည်းထားထားတယ်။ မြစ်ထဲပဲလက်အားကြတယ်ထင်ပါတယ်။ မြစ်ကမ်းဘေးမှာပဲ ပုံချခဲ့ကြတာများတယ်။ တစ်ချို့ကျတော့လည်း မပစ်ကြပါဘူး။ တစ်ချို့ကျတော့လည်း ပတ်ဝန် ကျင်ထိခိုက်မှုရှိတာသိပေမယ့်လည်း ပစ်နေကြတာပါပဲ” ဟုဆိုသည်။
မြို့နယ်စည်ပင်မှနေ၍ မြစ်ကမ်းဘေးအမှိုက်မပစ်ရကြောင်း စာကပ်ထားလျှင် စာကိုဖျက်ဆီးပစ်ကြပြီး အမှိုက်များလည်းပြန်လည်စုပုံလာကြောင်း အမှိုက်နှင့်ပတ်သက်လာလျှင် အမှိုက်ပစ်သည့်ပြည်သူများတွင်လည်း တာဝန်ခံမှု ရှိရန်လိုအပ်ကြောင်း ကျောက်တော်မြို့ စည်ပင်သာယာဌာနမှ ဦးစီးအရာရှိ ဦစိုးမိုးကျော် ကပြောသည်။
“အမှိုက်ပစ်နေကြတော့ ဒီနေရာမှာအမှိုက်မပစ်ရဆိုပြီး စာကပ်ထားခဲ့ရင်လည်း စာကိုဖျက်ဆီးပစ်လိုက်ကြတယ်။ စည်ပင်ကားလည်း အဲနားမှာထိုးပေးထားပါတယ်။ တစ်ချို့တော့လည်းလာတင်ကြတယ်။ အဲနေရာကအမှိုက်တွေ ကိုလူအင်အားသုံးပြီး ဘက်ဖိုး တွေနဲ့တစ်ခါနှစ်ခါသိမ်းယူပြီးပြီ။ လူတွေကလည်းစည်ကမ်းတကျ အမှိုက်ပစ်ဖို့လိုတာ ပေါ့။ စည်ပင်ကအမှိုက်ပုံးချထားပေမယ့် အမှိုက်ပုံးထဲလာမထည့်ရင် ဘာတတ်နိုင်တော့မှာလည်း” ဟုပြောသည်။
ကျောက်တော်မြို့သည် ကုလားတန်(ကစ္ဆပနဒီ)မြစ်ကမ်းဘေးတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်သည်နှင့်အမျှ မြို့မှထွက်သည့် စွန့်ပစ်အမှိုက်များမှာ မြစ်ထဲသို့ပုံစံအမျိုးမျိုးဖြင့်ရောက်ရှိနေပြီး မြစ်ကမ်းဘေးတစ်လျှောက်တွင်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်လျှက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/354047486401762