ကျောက်တော်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသွားသည့် နာရေးကိစ္စများကို လုပ်ဆောင်နေသည့် We Love Kyauktaw လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းများလိုအပ်နေ

By Development Media Group (DMG)/ August 3

ဓါတ္ပုံ – We Love Kyauktaw

ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည့် နာရေးကိစ္စများအပါ အဝင် ပိုးသတ်ဆေးဖြန်းခြင်းစသည့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ဦးဆောင်နေသည့် We Love Kyauktaw လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

ကျောက်တော်မြို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ တစ်နေ့ထက်တစ်နေ့ပိုတိုးလာနေပြီး ကိုဗစ်ကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သယ်ယူသင်္ဂြုလ်ရာတွင် လူအစားထိုး အလဲအလှယ် ပြုလုပ်နိုင်ရန် စေတနာ့ဝန်ထမ်းများထပ်မံလိုအပ်ချက်ရှိနေသည်ဟု We Love Kyauktaw အသင်း၏ ဦးဆောင်သူ ကိုစိုးးမင်းက ပြောသည်။

“ အလောင်းတွေက တစ်နေ့မှာ လေးလောင်းထိဖြစ်လာတော့ ပင်ပန်းကြတာပေါ့။ PPE ဝတ်စုံ ဝတ်တယ် ဆိုတာက အသက်ရှု မွန်းကျပ်ကြတယ်။အမြဲတမ်း နှာခေါင်းစည်းတပ်ပြီး၊ PPE ဝတ်ပြီးတော့ လူအလဲအလှယ် မရဘူးဆိုရင် တအားပင်ပန်းကြတယ်။ရေရှည်စဉ်းစားရင်ပေါ့ အဲဒီလိုတစ်နေ့မှာ သုံးလေးလောင်း သင်္ဂြုလ်ရတယ် ဆိုရင် လူတွေက ပင်ပန်းကြတယ်။ အဲဒါကြောင့် ထပ်ပြီးတော့ အဖွဲ့သားတွေလိုအပ်နေတာပါ” ဟု သူက ဆို သည်။

ကျောက်တော်မြို့တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူများ၏ အလောင်းများကို သယ်ယူ၍ သင်္ဂြုလ်ပေးမည့် သူမရှိသည့်အတွက် We Love Kyauktaw လူမှုကူညီရေးအသင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အဖွဲ့ဝင် ရ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိတွင် အဖွဲ့ဝင် ၉ ဦးအထိရှိသည်ဟု သိရသည်။

အဆိုပါလူမှုကူညီရေးအသင်းသည် ကျောက်တော်မြို့ပေါ်၌ ကိုဗစ်ကြောင့်သေဆုံးသွား သူများကို မရွံ့မရှာ မကြောက်မရွံ့ဘဲ ပင်ပန်းခံပြီးလုပ်ဆောင်ပေးနေသည်ကို တွေ့ရှိရသည်ဟု ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း ကပြောသည်။

“ကျနော်တို့သိတာက We Love Kyauktaw အဖွဲ့ဟာ လက်ရှိကိုဗစ်ကြောင့် သေဆုံးသွားတဲ့လူတွေကို မရွံ့မရှာ မကြောက်မရွံ့ဘဲ ပင်ပန်းခံပြီးတော့ လုပ်ဆောင်ပေးနေတာကို မြင်နေရတယ်။ကိုဗစ်ကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ အိမ်တွေအပါအဝင် နေရာထိုင်ခင်းတွေမှာ ဆေးဖြန်းတာတွေကို သူတို့တော်တော် များများလုပ်နေကြတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ We Love Kyauktaw အသင်းတွင် စေတနာ့ဝန်ထမ်းအားနည်းနေသည့်အတွက် လိုအပ်ချက်များ ရှိနေသည်ကို ကြားသိရသည့်အတွက်  မြို့နယ်လူထုများ အနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီရန် လိုအပ် ကြောင်း ကိုဇော်ဝင်းက ဆိုသည်။

ကျောက်တော်မြို့နယ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၃ ဦးနှင့် ကိုဗစ်ပိုးတွေ့လူနာ (၁၃၅) ဦးအထိရှိလာ ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၁ ရက်နေ့ စာရင်းအရ သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၂၁၄) ဦးနှင့် ပိုးတွေ့လူနာ (၂၈၈၇) ဦးအထိရှိ ကြောင်း အဆိုပါကျန်းမာရေးဌာနမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2076289949190072

Leave a Reply

Your email address will not be published.