ကိုဗစ်လူနာ ၉ ဦးအထိရှိနေသည့် လေးတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂လနီးပါးရှိနေ

By Narinjara/ 2021 August 9

အောင်ဇံ

ကိုဗစ်ကူးစက်လူနာ ၉ ဦးအထိရှိနေသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ရှိ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂ လနီးပါးရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

လေးတောင်တိုက်နယ်ဆေးရုံတွင် ယခင်က ဆရာဝန်ရှိခဲ့သော်လည်း ယခုနှစ် ဇွန်လဆန်းပိုင်းက ရာထူးတိုးဖြင့် ပြောင်းရွေ့သွားပြီးနောက်ပိုင်း ဆရာဝန် အသစ်ခန့်အပ်မှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လေးတောင်ဒေသခံဦးတင်မိုးက ”ဆရာဝန်မရှိတာ ၂ လနီးပါးရှိသွားပြီ။ ကိုဗစ်လူနာကလည်း တဖြည်းဖြည်း တိုးလာနေတယ်။ အခု လေးတောင်က ကိုဗစ် positive အဖြေထွက်တဲ့လူနာ ၉ ဦးရှိပြီ။ အထက်တန်းသူနာပြုနှစ်ယောက်ရှိတာမှာလည်း တစ်ယောက်က ကိုဗစ်လူနာနဲ့ထိတွေမှုရှိလို့ Quarantine ဝင်နေရတယ်။ လူတွေကတော့ စိုးရိမ်နေကြတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

လေးတောင်တိုက်နယ်ဆေးရုံတွင် အထက်တန်းသူနာပြု ၂ ဦး၊ အငယ်တန်းသူနာပြု ၁ ဦးသာရှိပြီး အထက်တန်းသူနာပြုတစ်ဦးမှာ ကိုဗစ်လူနာနှင့်ထိတွေ့မှုရှိ၍ Home Quarantine ဝင်နေရကြောင်း သိရသည်။

လေးတောင်တိုက်နယ်ဆေးရုံသည် လေးတောင်မြို့၊ ကံဒိုင်းတိုက်နယ်နှင့်ကျောက်ချောင်းတိုက်နယ်တို့ရှိ လူဦးရေ ၃ သောင်းကျော် အားကိုးအားထားပြုနေရသော ဆေးရုံဖြစ်ကြောင်း ဦးတင်မိုးက ပြောသည်။

လေးတောင်မြို့တွင် ကိုဗစ်လူနာများ တဖြည်းဖြည်းတိုးလာနေသော်လည်း ဆေးရုံတွင် ဆရာဝန်မရှိသေးသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြပြီး ဆရာဝန်အသစ်တစ်ဦး အမြန်ဆုံး ခန့်အပ်ပေးစေလိုနေကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ်ဆရာဝန်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဇူလိုင်လ ၂၇ ရက်နေ့ကလည်း လေးတောင်မြို့မှ ကိုဗစ်လူနာ ၁ ဦး ရမ်းဗြဲဆေးရုံတွင် သေဆုံးသွားခဲ့သည်။

https://www.facebook.com/narinjara.info/posts/4571372256208149

Leave a Reply

Your email address will not be published.