ကိုဗစ်ကြောင့် ဘုရားဖူးအလာနည်း၍ ကျောက်တော်တောင်မှ မျောက်ကလေးများ အစာရေစာငတ်ပြတ်နေ

By Narinjara/ 2021 August 20

သန္တာကျော်ဇော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျောက်တော်တောင်တွင် ရှိသောမျောက်ကလေးများသည် ကိုဗစ်ကာလအတွင်း ဘုရားဖူးများလာရောက်မှုနည်းပါးသောကြောင့် အစာအငတ်ဘေးနှင့်ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် ဘုရားဖူးများ လုံးဝရောက်မလာသည်အထိရှိသောကြောင့် ကျောက်တော်တောင်ရှိမျောက်ကလေးများမှာ တောင်ခြေရင်းနှင့် ခရီးသွားလမ်းလာများသည့် ကစ္ဆပနဒီတံတားအထိသို့သွားရောက်၍ အစာတောင်းနေမှုများရှိပြီး မျောက်စာရောင်းချသူများသည်လည်း ထိုတံတားပေါ်အထိ သွားရောက်ပြီး ရောင်းချနေကြောင်း သိရသည်။

ကျောက်တော်တောင်ဘုရား ဂေါပကအဖွဲ့ဝင် ဦးခိုင်မြတ်ကျော်က “လက်ရှိမှာ ကျနော်တို့တွေတော့ တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် ဂေါပကအဖွဲ့နဲ့အခြားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အစာကျွေးဖြစ်ကြတယ်။ ဒါပေမဲ့ မြောက်ဖက်ခြမ်းမှာရှိတဲ့ အကောင်လေးတွေကတော့ ဒီဖက်ကိုသိပ်မဆင်းဖြစ်ဘူးပေါ့နော်။ တောင်ခြေနဲ့ တောင်ဖက်ခြမ်းတဝိုက်မှာရှိတဲ့ အကောင်လေးတွေကတော့ အစာရကြပါတယ်။ အဝေးမှာရှိတဲ့သူတွေက မလာရောက်နိုင်ရင်တောင်မှ ကျောက်တော်တောင်နဲ့အနီးတဝိုက်ကလူတွေလည်း တစ်ပတ်မှာ တစ်ကြိမ်ဖြစ်ဖြစ် အဖွဲ့လိုက်တွေ လာလှူပေးကြရင်လည်း အခုလိုအစာငတ်နေကြတာတွေကို ဖြေရှင်းပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ သူတို့တွေက လူတွေကျွေးတာတွေ အစားများကြတော့ အနီးအနားကအပင်တွေက သစ်သီးသစ်ဖုတွေလည်း ခံတွင်းမတွေ့ကြဘူးထင်ပါတယ်။”ဟု ပြောသည်။

လက်ရှိတွင် ကျောက်တော်တောင်၌ မျောက်အုပ်စုနှစ်ပိုင်းရှိပြီး တစ်အုပ်စုစီတွင် ကောင်ရေ ၄၀၀ နှင့် ၅၀၀ ခန့်ရှိသည့်အတွက် စုစုပေါင်း မျောက်ကောင်ရေ ၁ဝဝဝ ခန့်သာ ကျန်တော့သည်ဟု သူက ဆက်ပြောသည်။ မျောက်များသည် ငှက်ပျောသီးနှင့် မြေပဲဆန်များကို ပိုကြိုက်နှစ်သက်ကြောင်း သိရသည်။

Kyauktaw Youths Association (KTYA) အဖွဲ့ဝင်တစ်ဦးဖြစ်သူ မပိုင်ပိုင်စိုးက “အခုက Stay home ကာလဆိုတော့ လူတွေလည်း အပြင်သိပ်မထွက်ဖြစ်ကြဘူး။ အဲ့တောင်မှာလည်း အရင်ဒီအချိန် ဝါတွင်းကာလဆိုတော့ ဥပုသ်စောင့်ဖို့လည်း သွားမရတော့ ဒီကာလမှာ မျောက်ကလေးတွေကို အစာကျွေးမဲ့ သူတွေရှားသွားတယ်။ အရင်ဟိုး သုံးလလေးလလောက်ကတော့ မျောက်စာကျွေးဖို့ဆိုပြီး ကျမတို့အဖွဲ့ဆီကို အလှူရှင်တွေဆီက လာပြီးအလှူထည့်လာတာတွေရှိလို့ သွားပြီးအစာကျွေးခဲ့တဲ့ အစီအစဉ်တွေလည်းရှိခဲ့တယ်။” ဟု ပြောသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ကျောက်တော်တောင်အပါအဝင် ရခိုင်ပြည်နယ်ရှိအခြားအထင်ကရ နေရာများသို့ ခရီးသွားလာမှုများနည်းပါးခဲ့သည်။ ထိုအချိန်တွင်လည်း ကျောက်တော်တော်ရှိ မျောက်ကလေးများမှာ ခရီးသွားဘုရားဖူးများနည်းပါးသွားခဲ့သည့်အတွက် အစာအငတ်ဘေးနှင့်ကြုံတွေ့ခဲ့ရဖူးသည်။

https://www.facebook.com/narinjara.info/posts/4605311046147603

Leave a Reply

Your email address will not be published.